Related Posts Plugin for WordPress, Blogger...

Wednesday, July 31, 2013

ပရီးမီးယားလိဂ် ပြသမည့် MNTV အခမဲ့ ရုပ်သံလိုင်း ထုတ်လွှင့်မည်



မြန်မာနိုင်ငံတွင် ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲ တစ်ဦးတည်း မူပိုင် ပြသခွင့် ရထားသည့် SKY NET ရုပ်သံက စီစဉ် ထုတ်လွှင့်မည့် MNTV အခမဲ့ ရုပ်သံ လိုင်းတွင် ပရီးမီးယားလိဂ် ဘောလုံးပွဲများ ပြသသွားရန်ရှိပြီး လပိုင်းအတွင်း စတင် ထုတ်လွှင့်မည်ဖြစ်ကြောင်း ယင်းရုပ်သံလိုင်း အထွေထွေ မန်နေဂျာ ဦးဝင်းနိုင်က ပြောကြားသည်။

“တီဗီ အင်တာနာနဲ့ ဖမ်းယူ ကြည့်ရှုလို့ ရအောင် နည်းပညာ အခက်အခဲလေးတွေ ဖြေရှင်းနေပါတယ်။ လပိုင်းအတွင်း စတင် ထုတ်လွှင့် သွားမှာပါ” ဟု ၎င်းက ရှင်းပြသည်။

MNTV ရုပ်သံလိုင်းမှ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ကဲ့သို့သော ဥရောပ ထိပ်တန်း ဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို တစ်ပတ်လျှင် တစ်ပွဲနှုန်း တိုက်ရိုက် အခမဲ့ ထုတ်လွှင့်ပေးမည့်အပြင် ရုပ်ရှင်၊ ဂီတနှင့် အခြား ဖျော်ဖြေရေး အစီအစဉ်များကိုလည်း ထုတ်လွှင့်မည် ဖြစ်ကြောင်း ဦးဝင်းနိုင်က ဆိုသည်။

MNTV ကို အင်တာနာများမှ တစ်ဆင့် Analog တီဗီများဖြင့် လူတိုင်း အခမဲ့ ဖမ်းယူ ကြည့်ရှုနိုင်ရန် နည်းပညာပိုင်း လိုအပ်ချက် အနည်းငယ်ကို ပြင်ဆင် ရန် လိုအပ်နေသေးသဖြင့် လတ်တလောတွင် SKY NET ဒစ်ဂျစ်တယ် ရုပ်သံ ဖမ်းစက်ဖြင့်သာ ကြည့်ရှုနိုင်ဦးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြော ကြားသည်။

“ဘောလုံးပွဲသမားတွေအတွက် တစ်ပတ် တစ်ပွဲ အလကား ကြည့်ရမယ် ဆိုတာတော့ သိပ်မက်စရာ မရှိပါဘူး။ ပွဲကောင်းတွေလည်း လွှင့်ချင်မှ လွှင့်မှာလေ”ဟု SKY NET ရုပ်သံလိုင်း တပ်ဆင် အသုံးပြုနေသူ ဘောလုံးပွဲ ဝါသနာရှင် တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံရှိ ဥရောပ ဘောလုံးပြိုင်ပွဲ ဝါသနာရှင် အများစုမှာ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲကိုသာ အဓိက ကြည့်ရှုသူများ ဖြစ်၍ အခပေး အစီအစဉ် ဝယ်ယူ ကြည့်ရှုမှသာ အဆင်ပြေနိုင်မည် ဖြစ် ကြောင်း ၎င်းက ဆိုသည်။

SKY NET ရုပ်သံလိုင်းများကို ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ရွှေသံလွင် ကုမ္ပဏီက အခပေးစနစ်ဖြင့် စီစဉ် ထုတ်လွှင့်နေခြင်း ဖြစ်သည်။

ယမန်နှစ်က ပရီးမီးယားလိဂ် ပြသခွင့် မရမှုကြောင့် SKY NET ရုပ်သံလိုင်း ဝယ်ယူထားသူများက ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U