Related Posts Plugin for WordPress, Blogger...

Saturday, August 24, 2013

ရွှေတိဂုံသွား လက်သမား အချုပ်ထဲရောက်



မွေးနေ့ကို ဘုရား သွားရောက် ဖူးမြော်ရာ ဘုရားမရောက်ဘဲ အချုပ်ခန်းထဲ ရောက်ရသည်ဟု ဒလ မြို့နယ် ရဲချောင်းဝ ကျေးရွာနေ ဒေါ်သန်းမြင့်က အောက်ပါ အတိုင်း ပြောကြားသည်။

၎င်းက ““ကျွန်မရဲ့ သားအငယ်ဆုံး မောင်အောင်ကျော်သိန်းက လက်သမား လုပ်လာတာ လေးနှစ်ရှိပါပြီ။ သူ့အစ်ကိုက စီးပွားရေးတက္ကသိုလ် တက်နေပါတယ်။ သူရတဲ့ ငွေနဲ့ သူ့အစ်ကို အတွက် ထောက်ပံ့ နေတာပါ။ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်၊ ဘောလုံးပွဲတော့ ကြိုက်ပါတယ်။ သြဂုတ် ၁၁ ရက်နေ့က သူ့မွေးနေ့ ဖြစ်တယ်။ ရွှေတိဂုံဘုရား လိုက်ပို့ခိုင်းတာ ကျွန်မက ကောက်စိုက်ဖို့ ရှိတာမို့ ငြင်းလိုက်တယ်။ ဒါနဲ့ သူရန်ကုန်ကို အလုပ်သွားတာ။ သူ့သူငယ်ချင်းတွေက ဒီနေ့ အလုပ်ပိတ်တယ် ဆိုတာနဲ့ ရွှေတိဂုံဘုရားကို တောင်ဖက်မုခ်ကနေ တက်ခဲ့တယ်။ ဘုရားခြေရင်းမှာ လုံခြုံရေးက အိတ်မှန်သမျှ အကုန်စစ်တော့ သူကကြို ပြောပါတယ်။ ကျွန်တော် လက်သမားအလုပ် လုပ်တာပါ။ တံစဉ်းကို ထိပ်က ချွန်ထားတယ်။ ကျွန်တော်တို့ လုပ်ငန်းမှာ သုံးဖို့ အတွက် ချွန်ထားတာပါလို့ ပြောတော့ တံစဉ်းရယ်၊ မီးစမ်းတဲ့ တက်စတာရယ် ထားခဲ့။ ကျန်တာကိုတော့ လွယ်အိတ်ယူပြီး တက်သွားလို့ ပြောတာနဲ့ ဘုရားပေါ်ကို တောင်ဘက်မုခ်ကနေ ကုန်း ကြောင်း တက်လာတယ်။ ဘုရားရောက်ဖို့ လှေကား(၄)ထစ် အလို မှာ ဘုရားရဲက နောက်က လိုက်ခေါ်တယ်။ ဒါနဲ့ ပြန်ဆင်းလာတယ်”” ဟု ပြောသည်။

၎င်းက ဆက်၍ ““ဘုရားခြေရင်း ရောက်တော့ သူတို့က ဆီးဟောက်တယ်။ ဒါ ဘာကိစ္စ ယူလာတာလဲ။ ဘာအကြံအစည် နဲ့လဲပေါ့။ ကလေးက ရွာလူကြီးအိမ်တောင် ရောက်ဖူးတာ မဟုတ်ဘူး၊ ကြောက်တာပေါ့။ တကယ်တော့ ဒီပစ္စည်းက သူတို့ ရှာတွေ့တာ မဟုတ်ဘူး။ အပ်ထားခဲ့တာ။

နာမည်ရေးဆိုလို့ ရေးခဲ့ရ သေးတယ်။ လက်သမားဆရာဆိုရင် အထောက်အထားပြ ဆိုတော့ ဒါနဲ့ သူ့အလုပ်ရှင် ကီလီ (၃)လမ်းက ဦးမောင်လေးကို ဖုန်းဆက်ခေါ်တာ ရောက်လာတယ်။

သူ့ဆရာကလည်း လက်သမားဖြစ်ကြောင်း ထောက်ခံ တယ်။ သူ့ ဆရာကို ဘာမှမဖြစ်ပါဘူး။ မေးရုံပါဆိုပြီး သူ့ဆရာကားနဲ့ ဒဂုံရဲစခန်းကို ခေါ်သွားတယ်။ နောက် တော့ ကျွန်မတို့လည်း ရောက်တော့ သူအချုပ်ခန်းထဲ ရောက်နေပြီ။ သားက ဘာကိုမှ လိမ်ညာ မပြောတတ်ဘူး။

ပစ္စည်း (၁၆)မျိုး ထဲက (၂)မျိုးကို သတ်သတ်ထားပြီး ကလေးကို ၁၉(င) ဆိုလား ပုဒ်မ တပ်တယ်။ ဒီလို မှားမှန်း သိသိနဲ့ ဖမ်းတာကို ချက်ချင်းပြန်ပြီး ဖြေရှင်းလို့ရတဲ့ ဥပဒေ ကျွန်မတို့ဆီမှာ မရှိကြတော့ဘူးလား”” ဟု ပြောသည်။

ဒဂုံ ရဲစခန်းမှ (ပ) ၁၇၉/၂၀၁၃ ပုဒ်မ ၁၉(င) ဖြင့် ရမန်ယူထားရာ ၂၃-၈-၂၀၁၃ ရက်နေ့ ချိန်းဆို ထားကြောင်း ထပ်လောင်း ပြောကြားသည်။

“ဒီတံစဉ်းကို သူတို့က စကေဘာလို့ သုံးထားတာ အေးလပ် သုံးမြှောင့်တုံးဆိုတော့ အရိုးက တပ်ထားတော့ ၁၁ လက်မ ရှိတော့ အန္တရာယ် ဖြစ်နိုင်တဲ့ ပစ္စည်းလေ။ ဒါပေမဲ့ သူတို့က တွေ့တာ မဟုတ်ဘူး။ ဟိုကလေးက အပ်ထား ခဲ့တာဆိုတော့ တစ်ခုခုတော့ လွဲနေပြီ။ ကျန်တဲ့ လက်သမားပစ္စည်း တွေတော့ သိမ်းမထားဘူး။

အေးလေ အမှုဖွင့်ပြီးမှတော့ ကိုယ်ဘက်က ရှင်းရမယ့် တာဝန် ရှိလာပြီ ဆိုတော့ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ဆို ပိုကောင်းတာပေါ့” ဟု တရားသူကြီး(ငြိမ်း) ဦးသောင်းမြင့်က ပြောသည်။

  Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U