Related Posts Plugin for WordPress, Blogger...

Friday, August 2, 2013

နျူဓာတ်ပေါင်းဖိုတည်ဆောက်ရေး ထိုင်ဝမ်လွှတ်တော်တွင် နပမ်းလုံး ဆွေးနွေး



သောကြာနေ့က ဖြစ်စဉ်တွင် လွှတ်တော် အမတ်များသည် တစ်ဦးနှင့်တစ်ဦး ဖက်လှဲ၍ နပမ်းလုံးကြသလို ရေများနှင့်ပက်ကြ၊ ရေဘူးများနှင့် ကောက်ပေါက်ကြဖြင့် စည်စည်ကားကား ဖြစ်သွားခဲ့သည်။

ထိုင်ဝမ်နိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖိုသစ် တည်ဆောက်ရေး ဆွေးနွေးမှုနှင့် ပတ်သက်ပြီး အဆိုပြုသူနှင့် အတိုက်အခံ အမတ်များ အုတ်အော်သောင်းနင်း ရန်ပွဲဆင်နွှဲခဲ့ကြောင်း သိရှိရသည်။ သောကြာနေ့က ဖြစ်စဉ်တွင် လွှတ်တော် အမတ်များသည် တစ်ဦးနှင့်တစ်ဦး ဖက်လှဲ၍ နပမ်းလုံးကြသလို ရေများနှင့်ပက်ကြ၊ ရေဘူးများနှင့် ကောက်ပေါက်ကြဖြင့် စည်စည်ကားကား ဖြစ်သွားခဲ့သည်။ လူဦးရေ သိပ်သည်းဆ မြင့်မားလွန်းသော ကျွန်းနိုင်ငံလေးတွင် စွမ်းအင်ပြဿနာအတွက် နျူကလီးယား ဓာတ်ပေါင်းဖို ကိစ္စသည် ယခင်ကတည်းက အငြင်းပွားစရာ ဖြစ်နေခဲ့သည်။

လူဦးရေ (၂၃)သန်းကျော် နေထိုင်သော ထိုင်ဝမ်တွင် (၄)ခုမြောက် ဓာတ်ပေါင်းဖိုကို တည်ဆောက်ရန် သမ္မတ မာယင်ဂျူ၏ အာဏာရ အမျိုးသားရေးပါတီက ဆန္ဒရှိနေသည်။ သို့သော်လည်း ဂျပန်နိုင်ငံတွင် (၂၀၁၁)ခုနှစ်က ဖြစ်ပွားသော ငလျင်ကြီးကြောင့် ဖူကူရှီးမားမှ ဓာတ်ပေါင်းဖို ယိုစိမ့်မှု ပြဿနာနောက်ပိုင်း နျူကလီးယား စွမ်းအင်အပေါ် စိုးရိမ်မှု မြင့်မားလာသည့် အတိုက်အခံ ဒီမိုကရက်တစ် ဖြစ်ထွန်းရေး ပါတီကလည်း ယင်းကို ကန့်ကွက်သည်။

သောကြာနေ့က ဥပဒေပြု ဆွေးနွေးခန်းမတွင် တရုတ်အမျိုးသား ခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်၏ ပုံတူ ပန်းချီကားချပ်ရှေ့ မတ်တပ်ရပ်နေသော ဒီမိုကရက်တစ် ဖြစ်ထွန်းရေး ပါတီဝင်များက စာတန်းများ ကိုင်ဆောင်ကာ နျူကလီးယား ဓာတ်ပေါင်းဖို ကိစ္စကို ဆန့်ကျင်ကြသည်။ အမျိုးသားရေး ပါတီ၏ ကိုယ်စားလှယ်များကလည်း ယင်းကို တုံ့ပြန် ဝေဖန်ကြရာမှ ရန်ပွဲပေါ်ပေါက်လာခြင်းဟု သိရသည်။ ပြည်တွင်း ရုပ်မြင်သံကြား ဌာနအချို့က ထိုးကြကြိတ်ကြ ပြေးကြလွှားကြနှင့် ဆူဆူညံညံ ဖြစ်နေသော ဥပဒေပြု ဆွေးနွေးခန်းမ မြင်ကွင်းကို ပြသခဲ့သည်။

ထိုင်ဝမ်တွင် စတုတ္ထမြောက် ဓာတ်ပေါင်းဖိုကို (၁၉၉၇)ခုနှစ်က စတင် တည်ဆောက်ခဲ့သော်လည်း ဒီမိုကရက်တစ် ဖြစ်ထွန်းရေးပါတီ အာဏာရလာသည့်နောက် (၂၀၀၀)ပြည့်နှစ်မှ (၂၀၀၈)ခုနှစ်အတွင်း လုပ်ငန်းခွင် ရပ်ဆိုင်းထားစေခဲ့သည်။ ယခုအခါ ယင်းတားမြစ်ချက်ကို ပြန်လည် ပယ်ဖျက်ရန် အာဏာရ ပါတီက ကြိုးပမ်းလာပြီး အဆိုပါ အားထုတ်မှု အောင်မြင်ပါက (၂၀၁၆)ခုနှစ်တွင် ဓာတ်ပေါင်းဖို စွမ်းအင်ပြည့် စတင်လည်ပတ်နိုင်မည် ဖြစ်သည်။

အခြေအတင် ဆွေးနွေးမှု ကာလရှည်ကြာ ဖြစ်နေခဲ့ပြီးနောက် သောကြာနေ့ကမူ ကိုယ်ထိလက်ရောက်ပါ တိုက်ခိုက်လာကြခြင်း ဖြစ်သည်။ ရုပ်မြင်သံကြား ဌာနများက စုပြုံတွန်းထိုးနေသည့် လူအုပ်ကြီး တစ်စု၏ ပုံများနှင့် ကြမ်းပြင်ပေါ်တွင် အကြိတ်အနယ် နပမ်းသတ်နေသူ နှစ်ဦးတို့၏ ပုံများအပါအဝင် အဆိုပါ ရန်ပွဲကို ပြည်သူများ တွေ့ရှိခွင့်ရရန် ဝေဝေဆာဆာ တင်ဆက်ခဲ့သည်။ ထိုင်ဝမ်သည် တစ်ပါတီ စစ်အုပ်ချုပ်ရေး စနစ်ကို (၁၉၈၇)ခုနှစ်တွင် စတင်ပြောင်းလဲခဲ့ပြီး ယနေ့ အာရှတိုက်တွင် ဒီမိုကရေစီစနစ် အပီပြင်ဆုံး နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U