Related Posts Plugin for WordPress, Blogger...

Thursday, October 3, 2013

မန္တလေးမြို့တွင်း လမ်းမကြီးများ မိုးအနည်းငယ် ရွာသွန်းလျှင်ပင် ရေလျံမှုဖြစ်ပေါ်လာပြီး ယာဉ်ကြောပိတ်ဆို့မှု ကြုံတွေ့နေ



ရွှေတစ်ချောင်းမြောင်း ရေလျှံမှုကြောင့် မဟာမုနိဘုရားကြီး အနောက်ဘက်မုခ် စစ်ကိုင်း-မန္တလေး ကားလမ်းပေါ်တွင် ရေကျော်နေမှုအား မြင်တွေ့ရစဉ်

မန္တလေးမြို့တွင် အောက်တိုဘာ ၃ ရက် နံနက်ပိုင်းက မိုးရွာသွန်းခြင်းကြောင့် ရွှေတစ်ချောင်းမြောင်း ရေလျှံကာ စစ်ကိုင်း-မန္တလေး ကားလမ်းနေရာအချို့ ရေကျော်ပြီး သွားလာမှု အခက်အခဲ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ ရွှေတစ်ချောင်းမြောင်း ရေလျှံမှုကြောင့် မြောင်းဘေးဝဲယာရှိ မာလကာခြံ၊ ဒေါနခြံစသည့် အနိမ့်ပိုင်း ရပ်ကွက်များ ရေ၀င်နစ်မြုပ်ကာ မဟာမုနိဘုရားကြီး အနောက်ဘက်မုခ်အဆင်း စစ်ကိုင်း-မန္တလေးလမ်း ဟောင်းနေရာနှင့် ၈၆လမ်း၊ ၄၁ လမ်း ရွှေ တစ်ချောင်းမြောင်း တံတားနေရာတွင် မြောင်း ရေလျံမှုကြောင့်
ယာဉ်အသွားအလာများ တန်းစီစောင့်စား သွားလာခဲ့ရကြောင်း သိရှိရသည်။

''နံနက်သုံးနာရီလောက်က မိုးစရွာတာ။ မိုးရာသီရောက်ရင် ရွှေတစ်ချောင်းမြောင်း ရေလျှံတတ်ပေမယ့် အခုတစ်ခါ တော်တော်လေး ဆိုးတယ်။ ရေမလျှံအောင် စည်ပင်ကမြောင်းနံရံ တွေအုတ်စီ၊ ဘောင်တွေမြှင့်ပေမယ့် ရေကလျှံတာပဲ''ဟု ရွှေတစ်ချောင်းမြောင်း အနီးဝန်းကျင် နေထိုင်သူတစ်ဦးက ပြောသည်။ ''ဒီမြောင်းက အင်္ဂလိပ်လက်ထက် ကတည်းက ရှိတဲ့မြောင်း။ မန္တလေးမြို့မှာ အရှည်ဆုံးမြောင်း လို့လည်း ပြောလို့ရတယ်။ ဟိုတုန်းကမြောင်း အကျယ်က ယောက်ျားလေး တစ်ခုန်စာပဲ ရှိတာ။ အနက်ကလူတစ်ရပ် လောက်ရှိတယ်။ အရင်မြောင်းအတွင်း နွံထုကိုက ၁၅ တောင် လောက်ရှိတယ်။ အဲ့ဒီနွံထုကို ကုန်အောင်မဆည်ဘဲ အပေါ်ယံထပ်ပြီး မြောင်းဘောင်မြှင့် တော့ ရေကလျှံမြဲအတိုင်း လျှံနေသေးတာပဲ'' ဟု ၄၁ လမ်း မြောင်းတံတားအနီး နေထိုင်သူ အသက် ၇၀ ကျော်အရွယ်ရှိ ဦးမြင့်လွင်က ပြောကြားသည်။

ယင်းကဲ့သို့ မြောင်းရေလျှံမှုကြောင့် မဟာအောင်မြေမြို့နယ်ရှိ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း ရေ၀င်နစ်မြုပ်ကာ ကျောက်မျက်လုပ်ငန်းနှင့် အရောင်းဆိုင်များ ပိတ်သိမ်းပြီး အရောင်းအ၀ယ် ရပ်နားခဲ့ရကြောင်း သိရှိရသည်။ အဆိုပါ ရွှေတစ်ချောင်း မြောင်းသည် မန္တလေးမြောက်ဘက် မိုင်လေးဆယ်ဝန်ကျင်ရှိ မတ္တရာမြို့မှ စတင်စီးဆင်းလာပြီး မန္တလေးမြို့ အနောက်ဘက်ခြမ်း တစ်လျှောက်တွင် ရေဆိုးမြောင်းအဖြစ် စီးဆင်းကာ ရွှေဂဲရေဆိုးသန့်စင် စက်ရုံမှတစ်ဆင့် ဧရာဝတီမြစ်အတွင်း စီးဝင်ကြောင်း သိရသည်။ အောက်တိုဘာ ၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်မှ ၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် တိုင်းထွာချက်များအရ မန္တလေး မြို့တွင် မိုးရေချိန် ၃ဒသမ ၁၉လက်မ၊ ပြင် ဦးလွင်မြို့ ၀ဒသမ ၅၉လက်မ၊ ကျောက်ဆည် မြို့ ၀ဒသမ ၈၇ လက်မ၊ မိတ္ထီလာမြို့ ၀ ဒသမ ၇၉ လက်မ၊ မြင်ခြံမြို့ ၀ဒသမ ၃၂ လက်မ၊ ညောင်ဦး ၀ဒသမ ၅၁ လက်မ၊ ရမည်းသင်း ၀ဒသမ ၄၀လက်မနှင့် ပျဉ်းမနားမြို့တို့တွင် ၀ ဒသမ ၀၈ လက်မရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ) မန္တလေးမြို့မှ သိရှိရသည်။

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U