Related Posts Plugin for WordPress, Blogger...

Saturday, October 5, 2013

ရေကြီးရေလျှံမှုအပြီး ကလေးမြို့နယ် အတွင်းရှိ ဒေသအချို့တွင် သွားလာရေး ခက်ခဲနေဆဲဖြစ်



နတ်တံခါးချောင်း တံတားကျိုးကျမှုကြောင့် ဒေသခံများ ခက်ခဲစွာ ဖြတ်ကူးနေရသည်ကို တွေ့ရစဉ်

ရေကြီးရေလျှံမှုကြောင့် ပိတ်နေခဲ့သည့် ကလေးမြို့နှင့် ဆက်သွယ်ထားသော လမ်းမကြီးများ ပြန်လည်သွားလာ နိုင်ပြီဖြစ်သော်လည်း ဒေသတွင်း လမ်းအချို့မှာ သွားလာမှု ခက်ခဲနေဆဲ ဖြစ်သည်ဟု သိရသည်။

''အခုဆိုရင် ကလေးမြို့နဲ့ ဆက်သွယ်ထားတဲ့ ကလေးဝ၊ တမူး၊ ဂန့်ဂေါ၊ မုံရွာ၊ မန္တလေးလမ်းတွေ သွားလာလို့ရပါပြီ။ ရေပြန်ကျသွားတော့ ရေဘေးဒုက္ခသည်တွေ အားလုံးလဲ သူတို့နေထိုင်ရာဆီကို ပြန်ကြပါပြီ။ ဖောင်ကူးကျေးရွာက ဒုက္ခသည်အချို့ပဲ ကျန်တော့တယ်'' ဟု ကလေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ပြောကြားသည်။

လမ်းမကြီးများတွင် သွားလာ၍ ရပြီဖြစ်သော်လည်း ဒေသတွင်း လမ်းအချို့၌ တံတားကျိုးနေသဖြင့် သွားလာမှု ခက်ခဲနေဆဲ ဟုလည်း သိရသည်။ ''နတ်တခါးချောင်း တံတားက ကွန်ကရစ် တံတားကြီးပါ။ ဒါပေမဲ့ နတ်တံခါးချောင်း ရေကျတော့ ကျိုးသွားပြီး P5 အခန်းတစ်ခန်း ပါသွားတယ်။ ဟိုဘက်ရွာက ဒေသခံတွေ သွားလာမှု ခက်ခဲတယ်။ ရေစီးကသန်တယ်။ ဆိုင်ကယ်တွေကို ၀ါးလုံးနဲ့ လျှိုထမ်းရတယ်။ ရေကူးတတ်တဲ့ လူနှစ်ယောက်က ဘေးကအထိန်းနဲ့ ကူးကြရပါတယ်။ အန္တရာယ် အရမ်းများပါတယ်။ တံတားကိုလည်း ကူးလို့ရအောင် ယာယီကြိုးတံတား ဆောက်နေတယ်။ ကြိုးတံတား လုပ်နေရင်း ဦးဆောင်လုပ်ကိုင်တဲ့ သူတစ်ယောက် အောက်တိုဘာ ၂ ရက်က ရေထဲကျပြီး ဆုံးသွားတယ်'' ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ကလေးမြို့၏ အနောက်မြောက် ဒေသတွင်လည်း ဆည်ကြီးတံတားနှင့် ပြည်တော်သာ ကျေးရွာများတွင် တံတားများ တောင်ကျရေနှင့်အတူ မျောပါသွားမှုကြောင့် သွားလာမှု ခက်ခဲနေပြီး၊ နန်းကျင်းဆောင် ကျေးရွာနှင့် ရာဇဂြိုဟ်ရွာ ဖြတ်ကူးသော တံတားမှာလည်း ရေလမ်းကြောင်း ပြောင်းပြီး တောင်ကျရေ စီးမှုကြောင့် သွားလာမှု ခက်ခဲရကြောင်း သိရသည်။

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U