Related Posts Plugin for WordPress, Blogger...

Tuesday, October 8, 2013

လက်ပံတောင်းတောင် ၀န်းကျင်တွင် လုံခြုံရေးအင်အား တိုးချဲ့မှုကြောင့် ဒေသခံများနှင့် အာဏာပိုင်များ အကြား တင်းမာမှုများ ဖြစ်ပေါ်နေ



အောက်တိုဘာ ၆ ရက်က လက်ပံတောင်း ဒေသခံများ ဆည်တည်း-ဇီးတော ရွာသစ်ရှိ ၀မ်ပေါင်ကုမ္ပဏီ၏ ဆက်ဆံရေးရုံးသို့ သွားရောက်နေစဉ်

လက်ပံတောင်းတောင် ၀န်းကျင်တွင် ဒေသအာဏာပိုင်များက သံဆူးကြိုးများ ကာခြင်း၊ ရဲကင်းများ တည်ဆောက်ခြင်း အတွက် ဒေသအာဏာပိုင်များနှင့် ဒေသခံ ရွာသူရွာသားများ နေ့စဉ်နီးပါး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ပြေလည်မှု မရဘဲ တင်းမာမှုများ အကြိမ်ကြိမ် ဖြစ်ပွားလျက် ရှိကြောင်း သတင်းရရှိသည်။

''လက်ပံတောင်းတောင် ၀န်းကျင်မှာ လုံခြုံရေး ရဲအင်အားတွေ အလုံးအရင်း အသုံးပြုပြီး မြန်မာဝမ်ပေါင် ကုမ္ပဏီနဲ့ မြန်မာစီးပွားရေး ဦးပိုင်တို့က ရဲကင်းတွေ တည်ဆောက်သလို သံဆူးကြိုးတွေလည်း ကာရံလာပါတယ်။ ရဲကင်းတွေ တည်ဆောက်ပြီး သံဆူးကြိုးတွေ ခတ်ရာမှာ
အထူးသဖြင့် ဒေသခံ တောင်သူတွေနဲ့ အရင်က ပဋိပက္ခ မကြာခဏ ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ ဦးစားပေး တည်ဆောက်ပါတယ်။ ဆည်တည်းနဲ့  မိုးကြိုးပြင် ရွာသူရွာသားတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ လိပ်ခွံတောင်ပေါ်မှာလည်း ရဲကင်းတွေ ဦးစားပေး တည်ဆောက်ပြီး ဖြတ်သန်းသွားလာတဲ့ တောင်သူတွေရော ဒေသခံတွေရော ငါးဦးထက်ပိုပြီး အတူမသွားရဘူး လို့တော့ ပြောသံကြားတယ်။ ၀က်မှေးရွာဟောင်း ကျော်ရွာဂိတ်နဲ့နီးတဲ့ နေရာတွေမှာ သံဖရိန်နဲ့ တည်ဆောက်တဲ့ ရဲကင်းတွေ ရှိသလို ရွက်ဖျဉ်တဲ ရဲကင်းတွေလည်း များတယ်။ နွားကျောင်းသားတွေ တောင်ပေါ်မှာ မျစ်ရှာ ဆူးပုပ်ရွက် ခူးသူတွေကို နွားကျောင်း ဆိတ်ကျောင်းရင်း မျစ်ရှာရင်း တက်ရာမှာ တစ်ခါတလေ ခွင့်ပြုပြီး တစ်ခါတလေ ရဲကင်းတွေက စစ်မေးပြီး တားပါတယ်။ လယ်တီဆရာတော်ဘုရားကြီး တရားအားထုတ်ခဲ့တဲ့ အောင်မြေလယ်တီ သိမ်ဆိုတဲ့ အဆောက်အအုံကလည်း လက်ပံတောင်းတောင် လုပ်ငန်းခွင် ချိုင့်ဝှမ်းထဲမှာ ကျန်ခဲ့တော့ ဘယ်သူမှ မသွားရဲကြဘူး။ အခု လောလောဆယ် ရက်ပိုင်းအတွင်းမှာ လက်ပံတောင်းတောင်မှာ ဖြစ်နေတဲ့ ပြဿနာက ရွာတွေက ရဲကင်းဆောက်တာ သံဆူးကြိုးတွေ ကာတာတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုရင်း အာဏာပိုင်တွေက အထက်ကို တင်ပြပေးမယ်ပြောပြီး တိကျရေရာတဲ့ အဖြေမရတာပါပဲ'' ဟူ၍ လက်ပံတောင်းတောင် ဒေသခံ တောင်သူတစ်ဦးက ပြောကြားသည်။



လက်ပံတောင်းတောင် စီမံကိန်း လုပ်ငန်းခွင်အား တွေ့ရစဉ်

လက်ပံတောင်းတောင် အရှေ့ဘက်ရှိ ၀က်မှေးကျေးရွာအနီး လျော်ကြေး မယူထားသော မြေယာများတွင် ရဲကင်းမဆောက်ရန် သံဆူးကြိုး မကာရန် စေရန်အတွက် အကြိမ်ကြိမ် တားမြစ်ခဲ့ပြီး ပြေလည်မှု မရရှိသေးကြောင်း သိရသည်။

''၀က်မှေးရွာ ၀န်းကျင်က လက်ပံတောင်း တောင်ခြေမှာ စက်တင်ဘာ ၂၃ ရက်ကစပြီး ရဲကင်းဆောက်ဖို့ လုပ်တာကို ရွာကသွားတားလို့ အလုပ်သမားတွေ ပြန်သွားပါတယ်။ အောက်တိုဘာ ၂ ရက်မှာ ရဲကင်းဆောက်ဖို့ ထပ်လုပ်လို့ သွားတားရာမှာ ပြေလည်မှု မရရှိဘဲ ဆက်ဆံရေးရုံးရှိတဲ့ ဆည်တည်းရွာသစ်ကို သွားဆွေးနွေးတော့ ပြေလည်မှု မရဘဲ ပြန်ခဲ့ပါတယ်။ အောက်တိုဘာ ၃ ရက်မှာ ရွာမြောက်ဘက် ကျော်ရွာတံတား တောင်ဘက်မှာ မနက်ပိုင်းမှာ သွပ်ဆူးကြိုးတိုင်တွေ လာစိုက်လို့ သွားတားတော့ မနက်ပိုင်းမှ ပြန်သွားပြီး နေ့ပိုင်းမှာ လုံခြုံရေးအင်အား အပြည့်နဲ့လာပြီး တိုင်တွေ ဆက်စိုက်သွားပါတယ်။ အောက်တိုဘာ ၄ ရက်မှာလည်း သံဆူးကြိုး ကာတာကို တားပေမယ့် မရခဲ့ပါဘူး။ အောက်တိုဘာ ၅ ရက် မနက် ၉ နာရီခွဲကနေ ၁၁ နာရီအထိ ညောင်ပင်ကြီးက ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုမောင်ဇင်ရဲ့ နေအိမ်မှာ နယ်လုံဝန်ကြီး ဦးကြည်နိုင် ဦးဆောင်တဲ့ အဖွဲ့နဲ့ ၀က်မှေးရွာသားတွေ ဆွေးနွေးတောင်းဆိုရာမှာ တိကျတဲ့အဖြေ မရခဲ့ပါဘူး'' ဟု ၀က်မှေး ဒေသခံ တစ်ဦးက ပြောကြားသည်။
အောက်တိုဘာ ၅ ရက်က ဆွေးနွေးရာတွင် ပါဝင်သော ၀က်မှေးရွာဟောင်း ဆရာတော် ဦးဝိစိတ္တက ''လူကြီးတွေနဲ့တွေ့ပြီး တောင်းဆိုရာမှာ ရွာမှာရှိတဲ့ ကလေးတွေရဲ့ ပညာရေး၊ ဒေသဖွံ့ ဖြိုးရေး၊ မရွှေ့ပြောင်းရတဲ့ ရွာတွေ အေးအေးချမ်းချမ်း နေထိုင်ရေးကို တောင်းဆိုခဲ့ပါတယ်။ အကြောင်းပြန်တာကတော့ အထက်ကို တင်ပြပေးမယ်လို့ပဲ ပြောတာပဲ'' ဟု မိန့်ကြားခဲ့သည်။



တုံရွာနှင့် ရွှေလှေရွာအကြား လုံခြုံရေး တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်

ဆည်တည်း၊ မိုးကြိုးပြင်၊ တုံ၊ အလယ်တော၊ တောကျောင်း စသော ကျေးရွာများ ဘက်တွင်လည်း ရဲကင်းများကို မြေယာလျော်ကြေး မယူသော နေရာတွင် မဆောက်ရေး၊ သံဆူးကြိုး မကာရေး တို့အတွက် အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး ပြေလည်မှု မရရှိသေးကြောင်း သိရသည်။

လက်ပံတောင်းတောင် စီမံကိန်း ဆောင်ရွက်ရန် အကြိုလုပ်ငန်းများ လုပ်ဆောင်နေသလို ဒေသခံများက လျော်ကြေးငွေ မယူသော မြေယာများတွင် ရဲကင်းမဆောက်ရေး၊ သံဆူးကြိုး မကာရေး၊ သီးနှံများ မဖျက်ဆီးရေး တောင်းဆိုမှုများအပြင် ဆန္ဒပြမှုများ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U