Related Posts Plugin for WordPress, Blogger...

Tuesday, November 26, 2013

ရန်ကုန်မြို့အတွင်း လမ်းမကြီး အများစုနှင့် လမ်းသွယ် အချို့တွင် အခမဲ့ကားပါကင်များ ယခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်မည်




ရန်ကုန်မြို့အတွင်း လမ်းမကြီးအများစုနှင့် လမ်းသွယ်အချို့တွင် အခမဲ့ကားပါကင်များကို ယခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်း/တံတားဌာန ဒုတိယဌာနမှူး ဦးမျိုးလွင်က နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြောသည်။

ယင်းကဲ့သို့ လမ်းမကြီးများ အားလုံးနီးပါးနှင့် လမ်းသွယ်အချို့တွင် အခမဲ့ကားပါကင်များ ပြုလုပ်ပေးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စည်းကမ်းမဲ့ယာဉ် ရပ်နားမှုများ လျော့ကျစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုများ ကျဆင်းစေရန်အတွက် ဖြစ်ကြောင်း သိရသည်။

''ရန်ကုန်မြို့ အတွင်းမှာရှိတဲ့ လမ်းမကြီးများ အားလုံးနဲ့ လမ်းသွယ်အချို့မှာ အခမဲ့ ကားပါကင်တွေကို
ယခုနှစ်အတွင်း ပြီးစီးအောင် ကြိုးစားဆောင်ရွက် သွားပါ့မယ်။ လမ်းမကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ ကမ်းနားလမ်း၊ မဟာဗန္ဓုလလမ်း စတဲ့လမ်းမကြီးတွေ အားလုံးမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဓိကတော့ အရမ်းကျယ်တဲ့ လူသွားလမ်း စင်္ကြံန်တွေကို ငါးပေအကျယ်အ၀န်း လောက်ပဲထားပြီးရင် အဲဒီနေရာတွေမှာ ကားပါကင်တွေ ပြုလုပ်သွားမှာဖြစ်တယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်း/တံတားဌာန ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် သတ်မှတ်ထားသော လမ်းများတွင် ရပ်နားနေသည့် ယာဉ်များကို ကရိန်းဖြင့် ဖယ်ရှားအရေးယူမှုကြောင့် ယာဉ်ပိုင်ရှင်များ အနေဖြင့် လမ်းသွယ်များ၌ အဓိက ရပ်နားနေရကြောင်း၊ ယင်းသို့ရပ်နားနေမှုကြောင့် အချို့လမ်းသွယ်များတွင် ယာဉ်ပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားနေပြီး စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများလည်း ပိုမိုဖြစ်ပွားနေသည်။

(အနော်ရထာ လမ်းမပေါ်တွင် ယာဉ်များရပ်နားထားမှုအား နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်))

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U