Related Posts Plugin for WordPress, Blogger...

Thursday, November 21, 2013

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို မြန်နှုန်းမြှင့် ပြေးဆွဲမည်ဖြစ်ပြီး ခရီးစဉ်အခေါက်ရေကိုပါ လျှော့ချသွားမည်



ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော အထူးရထားတွဲအား တွေ့ရစဉ်

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို မြန်နှုန်းမြင့် ပြေးဆွဲမည်ဖြစ်ပြီး ခရီးစဉ်အခေါက်ရေကိုပါ လျော့ချသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

ရန်ကုန်-မန္တလေး အစုန်-အဆန် ပြေးဆွဲနေသော ရထားကြာမြင့်ချိန် ၁၅ နာရီတွင် တစ်နာရီခွဲအထိ လျှော့ချမည်ဖြစ်ပြီး ရန်ကုန်-နေပြည်တော် ရထားကြာမြင့်ချိန်ကိုမူ တစ်နာရီထိ လျှော့ချသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြည်ပနိုင်ငံများနှင့် ပြုပြင်ပြောင်းလဲမှု ပြုလုပ်နေသော ရထားကဏ္ဍတွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းမှာ အဓိက ပါဝင်နေပြီး လက်ရှိတွင်လည်း ရထားလမ်းပိုင်းအချို့ ပြင်ဆင်မှု ပြီးစီးခဲ့ပြီးဖြစ်၍
ယခုကဲ့သို့ မြန်နှုန်းမြှင့် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပြေးဆွဲမှုကို နိုဝင်ဘာ ၂၄ ရက်မှ စတင်ကာ ပြုလုပ်သွားမည်ဖြစ်ပြီး ခရီးစဉ် လျှော့ချမှုကြောင့် ပြောင်းလဲသွားသော ရထားအချိန်ကိုမူ သက်ဆိုင်ရာ ဘူတာများတွင် အသိပေးသွားမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်-နေပြည်တော်-မန္တလေးသို့ အစုန်ငါးစင်း၊ အဆန်ငါးစင်း၊ စာပို့အစုန်နှစ်စင်း၊ အဆန်နှစ်စင်းဖြင့် ပြေးဆွဲမှု ပြုလုပ်နေကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

ရန်ကုန်-မန္တလေးရထား လမ်းပိုင်းကို ဂျပန်နိုင်ငံနှင့် ပူးပေါင်းကာ မြှင့်တင်မှုများ ပြုလုပ်ရန်အတွက် ယခုနှစ် အောက်တိုဘာမှစတင်၍ လူမှုဘ၀ ထိခိုက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတို့ကို ဆန်းစစ်မှုများ ပြုလုပ်နေပြီး ရထားလမ်းပိုင်းတစ်ခုလုံး ပြင်ဆင်မှုကို ၂၀၁၄ ခုနှစ်အတွင်း ပြုလုပ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

၃၈၅ မိုင်ရှိသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း စီမံကိန်းကို အဆင့်သုံးခုဖြင့် လုပ်ဆောင်သွားမည် ဖြစ်ပြီး ရန်ကုန်-တောင်ငူ၊ တောင်ငူ-ရမည်းသင်း၊ ရမည်းသင်း-မန္တလေးတို့ဖြစ်ပြီး လုပ်ငန်း ပြီးစီးသွားပါက မိုင် ၆၀ (ကီလိုမီတာ ၁၀၀)ထိ ပြေးဆွဲနိုင်မည်ဖြစ်ပြီး ကြာမြင့်ချိန်မှာလည်း ရှစ်နာရီသာ ရှိတော့မည် ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် ဂျပန်နိုင်ငံမှ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ဒေါ်လာသန်း ၅၀၀ ခန့် ချေးယူထားကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U