Related Posts Plugin for WordPress, Blogger...

Tuesday, November 26, 2013

နှစ်နိုင်ငံခရီးသွားများ အဆင်ပြေစေရန်အတွက် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားကို အချိန်တိုးမြှင့် ဖြတ်သန်းခွင့်ပြုမည်




မြန်မာ-ထိုင်းနယ်စပ် ၀င်၊ ထွက် ဂိတ်များအနက် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားကို နှစ်နိုင်ငံ ခရီးသွားများ အဆင်ပြေစေရန် အတွက် အချိန်တိုးမြှင့် ဖြတ်သန်းခွင့် ပေးသွားမည် ဖြစ်ကြောင်း မြ၀တီ ချစ်ကြည်ရေး တံတားရှိ တာဝန်ရှိသူများထံမှ သိရသည်။

နှစ်နိုင်ငံနယ်စပ် တံခါးပေါက်ဖြစ်သည့် မြ၀တီနှင့်တာ့ခ်ခရိုင်၊ မဲဆောက်မြို့ လင့်မေးရွာ (မယ်တော် )ကို ပေါင်းကူးတည်ဆောက်ထားသော ချစ်ကြည်ရေးတံတားအား လက်ရှိတွင် မြန်မာစံတော်ချိန် နံနက် ၆နာရီမှ ည ၆ နာရီထိ ဖွင့်လှစ်ထားရာမှ မကြာမီ ကာလတွင် နံနက် ၅ နာရီမှ ည ၈ နာရီအထိ ဖြတ်သန်းသွားလာခွင့် ပြုသွားရန် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ တရားဝင် ခွင့်ပြုထားကြောင်း
သိရသည်။

''နှစ်နိုင်ငံ ခရီးသွားတွေ အဆင်ပြေဖို့  အတွက် ချစ်ကြည်ရေး တံတားကို အချိန်တိုးမြှင့် ဖွင့်လှစ်ဖို့ ပြည်နယ်အစိုးရ အဖွဲ့က တရားဝင် ညွှန်ကြားစာ ရောက်ရှိပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံဖက်က အဆင်သင့် ဖြစ်နေပါပြီ။ ဟိုဘက်နိုင်ငံနဲ့ ကြိုတင်ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်'' ဟု မြ၀တီတံတားမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ချစ်ကြည်ရေးတံတား အချိန်တိုးမြှင့် ဖွင့်လှစ်ခြင်းဖြင့် မြ၀တီ ဒေါနတောင်ပေါ်လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ရောက်ချိန်နောက်ကျသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အတွက် တဖက်နိုင်ငံသို့ ထွက်ခွာရန် ပို၍အဆင်ပြေ သကဲ့သို့ နံနက်သွား၊ ညပြန် သွားလာလှုပ်ရှား နေကြသည့် မြန်မာနိုင်ငံသား အလုပ်သမား၊ ဈေးသည် ဈေးဝယ်များ၊ မော်တော်ယာဉ်နှင့် ခရီးသွား လုပ်ငန်းယာဉ်များ ပိုမိုအဆင်ပြေလာ နိုင်ကြောင်းနှင့် အမှောင်ထုကို အကာအကွယ်ယူပြီး ဒုစရိုက်မှုများ မဖြစ်ပွားရအောင်လည်း တာဝန်ရှိသူများမှ အထူးဂရုပြုသင့်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ဖြည့်စွက်ပြောကြားသည်။

မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားအား ၁၉၉၄ ခုနှစ် အောက်တိုဘာ ၂၀ ရက် တွင် ဘတ် ၇၉ ဒသမ ၂ သန်း အကုန်ကျခံ တည်ဆောက်ခဲ့ပြီး ၁၉၉၇ ခုနှစ် သြဂုတ် ၁၅ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ကားကိစ္စကြောင့် ၂၀၀၇ ခုနှစ် မတ်၂၈ရက်မှ ဧပြီ ၃ ရက်အထိ ယာယီပိတ်ခဲ့ပြီးနောက် သောင်ရင်း မြစ်ကမ်းထိန်းနံရံ တည်ဆောက်မှု လုပ်ငန်းများကြောင့် ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၁၈ ရက်တွင် ယာယီပိတ်ထားခဲ့ရာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။

(မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားမှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေသော ထိုင်းခရီးသွားများအား တွေ့ရစဉ်)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U