Related Posts Plugin for WordPress, Blogger...

Tuesday, November 26, 2013

လက်ဖက်ထုပ်ထဲက စိတ်ကြွဆေးတွေထွက်လာ


စနေ့နေ့က နယ်စပ်မြို့မဲဆောက်ကနေ ဘန်ကောက်ကိုသွားမယ့် မြန်မာအလုပ်သမားနှစ်ဦးထံကနေ စိတ်ကြွဆေး အလုံးရေ ငါးသောင်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ယာယီနိုင်ငံကူးလက်မှတ်ကိုင်

ဆောင်ထားတဲ့ ကိုကို (၂၁)နှစ်နဲ့အောင်ထွန်းလေး(၂၅)နှစ်တို့ကို မဲဆောက်က အဝေးပြေးကားဂိတ်မှာဖမ်းဆီးရမိတာလို့ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

အရေအတွက် ၅၃,၀၀၀ ရှိတဲ့ ဆေးပြားတွေကို ယုဇနလက်ဖက်အကြော်စုံအထုပ်ထဲမှာ ထည့်လာတာလို့ ထိုင်းရဲက သတင်းထောက်တွေကိုပြောပါတယ်။

တာ့ခ်ခရိုင်ရဲချုပ်နိုင်စုံဖွန်းအခရပ်ဒေချို ချိုင်းက "သူတို့အရင်ကလည်း လုပ်ခဲ့ဖူးတယ်လို့ ထွက်ဆိုပါတယ်။ လိုအပ်တာတွေ ဆက်လက်စစ်ဆေးနေပါတယ်" လို့ ဒေသခံသတင်းထောက်တွေကိုပြောပါတယ်။

မဲဆောက်တရားရုံးက ထိုင်းရှေ့နေပြောတာက ငါးသောင်းကျော် အရေအတွက်ရှိတဲ့ မက်သာအဖက်တမင်ဆေးပြား(ယာဘ) သယ်ဆောင်တဲ့အမှု ကျူးလွန်ကြောင်း သက်သေ ထင်ရှားရင် ထိုင်းဥပဒေအရ တသက်တကျွန်းကနေ သေဒဏ်အထိ ပြစ်ဒဏ်ကျခံရနိုင်တယ်လို့ဆိုပါတယ်။

အခုဆိုရင် မဲဆောက်ကနေဘန်ကောက်ကိုသွားမယ့် မြန်မာအလုပ်သမားတွေကို ထိုင်းရဲနဲ့ မူးယစ်အထူးအဖွဲ့တွေက စစ်ဆေးမှုတွေ အရင်ကထက်ပြုလုပ်နေပါပြီ။
အထူးသဖြင့် မြန်မာ အစားအသောက်နဲ့ မုန့်မျိုးစုံအထုပ်တွေကို အသေးစိတ် စစ်ဆေးနေတာပါ။

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး မဲဆောက်-ဘန်ကောက် အသွားအပြန် ကူးသန်းနေတဲ့ မြန်မာအလုပ်သမား အရေအတွက်က နေ့စဉ် ၃၀၀ အထက်မှာ ရှိနိုင်တယ်လို့ မဲဆောက်က ထိုင်းလ၀က အရာရှိတဦးက ခန့်မှန်းပြောဆိုပါတယ်။

စိတ်ကြွဆေးတွေကို ဘယ်နေရာမှာ လက်ဖက်ထုပ်နဲ့တူအောင် ထုပ်ပိုးပြီး ဘယ်လမ်းကြောင်းက သယ်ဆောင်မယ်ဆိုတာကိုတော့ မသိရသေးပါ။ ဘန်ကောက်ရောက်တဲ့အခါ ဘယ်ဒေသတွေကိုဖြန့်မယ်၊ ဘယ်သူတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာကိုလည်း မသိရသေးပါ။
ယုဇနလက်ဖက်အကြော်စုံအထုပ်တွေဟာ ထိုင်းနိုင်ငံရောက် မြန်မာပြည်သား ၂ သန်း ကြားထဲမှာ အင်မတန် အရောင်းသွက်တဲ့ စားဖွယ်ရာ ဖြစ်ပါတယ်။
အဆာပြေ အပျင်းပြေ စားကြသလို၊ ပြင်ဆင်ရလွယ်ကူလျှင်မြန် ဈေးသက်သာပြီး အာတွေ့လျှာတွေ့ဖြစ် ဇာတိမြေကစားစရာဖြစ်တာကြောင့် အရောင်းသွက်တာပါ။

နယ်စပ်ဂိတ်များစွာကနေ ထိုင်းနိုင်ငံအတွင်းပိုင်းမြို့တွေက မြန်မာပြည်သားဈေးကွက်ကို အလုံးအရင်းဝင်ရောက်နေတဲ့ပစ္စည်းတမျိုးပါပဲ။

ရောင်းအားကောင်းလွန်းလို့ အတုလုပ်ရောင်းတာလည်း ရှိပါတယ်။ယုဇနလက်ဖက်အကြော်စုံအထုပ်ကို အစစ်မှတ်ပြီး ဖွင့်ဖောက်စားမှ ခပ်ညံ့ညံ့ပဲမျိုးစုံ၊ မည်ကာမတ္တလက်ဖက်သားတွေထည့်ထားတဲ့ အတုဖြစ်နေတာကို ကြုံရသူ အများအပြားပါပဲ။

ဒီအကြောင်း ပေးစာတစောင် ဖြစ်တဲ့ အတုအပလုပ်ခံရတဲ့ ယုဇန ဆိုတာကို ဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။ အဲဒီ ပေးစာနဲ့ပုံတွေကို http://myawadynews.blogspot.com/2013/11/blog-post_7199.html ကနေ တဆင့် ဖတ်ရှုနိုင်ပါတယ်။

ဆိုခဲ့သလိုပဲ ... ယုဇန လက်ဖက်က အရောင်းသွက်လွန်းပါတယ်။
အလုံးအရင်း သယ်ကြပြုကြတဲ့ပစ္စည်းဖြစ်ပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U