"တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံ"ဟု ရေးထိုးထားသော ခန်းမ၏ အပြင်ဘက်တွင်
ဒုဗိုလ် ခေါန်နန် သည် ဆွေးနွေးပွဲအတွက် လိုအပ်သည်များကိုကူညီရန်
စောင့်ဆိုင်း
လျက်ရှိသည်။
ဖြူဖွေးသည့် အသားအရေနှင့် သွယ်လျသည့်
ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း စစ်ဝတ်စုံအပြည့် ၀တ်ဆင်ထားသော သူ၏
အမူအရာသည် အနည်းငယ် မာကျော ခက်ထန်လျက်ရှိသည်။
"လိုတာတွေ
ကူပေးဖို့လာတာ။ ငြိမ်းချမ်းရေးလား... သိပ်တော့ မမျှော်လင့်ဘူး"ဟု
အစည်းအဝေးကျင်းပရာ ခန်းမဘက်ကို တစ်ချက်ကြည့်လိုက်ရင်း သူက ပြောသည်။
ခန်းမအတွင်းတွင်မူ
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အသီးသီး မှ ခေါင်းဆောင်များသည်၎င်းတို့၏
နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး မူဘောင် ဘုံသဘောထား
ရပ်တည်ချက်များ
ချမှတ်
နိုင်ရေးအတွက် အကြိတ်အနယ် ဆွေးနွေးလျက်ရှိသည်။
"လွယ်လွယ်နဲ့
ငြိမ်းချမ်းရေးရမယ် လို့ မထင်ဘူး။ ဘယ်လိုရလဒ်မျိုးပဲဖြစ်ဖြစ်
ကျွန်မတို့ကတော့ကိုယ့် တိုင်းရင်းသားတွေအခွင့်အရေးအတွက် ဆက်ပြီး
ကြိုးစားနေရဦးမှာပဲ"ဟု ခေါန်နန်ကပြောသည်။
အသက် ၁၈ နှစ်အရွယ်
ဆယ်တန်းအောင်ပြီးတဲ့ အချိန်မှာ တက္ကသိုလ် ဆက်မတက်ဘဲ
ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)တပ်ထဲ ကိုဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့
သမီးအကြီးဆုံး ဖြစ်သူ
ခေါနန်ကို မိဘတွေက စိုးရိမ်စိတ်နဲ့
ကန့်ကွက်ခဲ့ပေမယ့် သူ၏ ခိုင်မာသည့် ဆုံးဖြတ်ချက်ကြောင့်နောက်ဆုံးတွင်
ကေအိုင်အေဌာနချုပ် သို့သွားရန် သဘောတူခဲ့ရသည်။
၁၀ တန်းအောင်မြင်သည့်
သူ့ကို ကေအိုင်အေက စစ်သင်တန်းသုံးနှစ်တက်ရန် ရွေးချယ်ခံလိုက်ရပြီးနောက်
ဝမ်ချောင်ဘွန်ရှိ စစ်သင်တန်းတွင် တိုက်ခိုက်ရေး၊
စစ်ရေးနည်းဗျူဟာစသည့်တို့အပြင်အစိုးရတက္ကသိုလ်များတွင် ပြဋ္ဌာန်းထားသည့်
ဘာသာရပ်များကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက်
သင်ယူခဲ့ရသည်။
"မျိုးချစ်စိတ်တစ်ခုတည်းနဲ့
တပ်ထဲကို ရောက်လာတာ။ ကိုယ်ကတော့ အေးအေးဆေးဆေးနေရပြီးတစ်ဖက်မှာ ကျွန်မတို့
တိုင်းရင်းသားတွေ တိုက်ပွဲဝင် နေတာလေ။ အဲဒီအချိန်မှာ ဘာမှမလုပ်ဘဲ
ဒီအတိုင်းကြည့်နေရတာ
တစ်ကိုယ်ကောင်းဆန်သလို ခံစားရတယ်။ ဒါကြောင့်
ကျွန်မတို့တိုင်းရင်းသားတွေကို ကူညီဖို့ တပ်ထဲကို ၀င်ခဲ့တာ။ သင်တန်းမှာ
ခက်ခဲပင်ပန်းပေမယ့် ကိုယ်ဖြစ်ချင်
တာကို လုပ်ရတော့ ပျော်တယ်"ဟု ခေါန်နန် ကဆိုသည်။
သင်တန်းဆင်းတဲ့အချိန်မှာ ဒုဗိုလ်ရာထူးကို အပ်နှင်းခံရပြီး လူဝင်မှုကြီးကြပ်ရေးဌာနမှာ တာဝန်ထမ်း
ဆောင်ရတဲ့
ခေါန်နန်ရဲ့ တာဝန်ကတော့ လိုင်ဇာမှာ နေထိုင်သူတွေအတွက်
အိမ်ထောင်စုစာရင်းလုပ်ပေးခြင်း၊ မှတ်ပုံတင်ထုတ်ပေးခြင်းအပြင်
စစ်ပြေးဒုက္ခသည်စခန်းရှိ ဒုက္ခသည် စာရင်းများ
ကောက်ယူခြင်းပင် ဖြစ်သည်။
"လိုင်ဇာ
ခရိုင်မှာဆိုရင်တော့ အခုလက်ရှိ မှတ်ပုံတင်ထုတ်ပေးထားတာ ၃,၀၀၀
ကျော်လောက်ရှိပြီ။နံပါတ်တွေကတော့ လဇခ ။...ဆိုပြီး သတ်မှတ် ပေးတယ်။ နောက်
တရုတ်ပြည်သွားဖို့ အတွက်
ဆိုရင်လည်း ဒီဘက်ကနေလိုအပ်တာတွေ လုပ်ပေးရတာမျိုး ရှိတယ်"ဟု ခေါန်နန်က သူ၏ တာဝန် များကို ရှင်းပြသည်။
ကေအိုင်အေတွင်
မိန်းကလေး စစ်မှုထမ်းများအား ဆေးကုသရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ယာဉ်စည်းကမ်း
ထိန်းသိမ်းရေး စသည့်ဌာနများတွင်သာ တာဝန်ပေးလေ့ ရှိသော်လည်း တိုက်ပွဲများ
ဖြစ်ပွားသည့်အခါ စစ်မြေ ပြင်သို့သွားရောက်ကာ ရိက္ခာပို့ခြင်း၊ ဆေးကုသရေးတာဝန်များအပြင်
လိုအပ်သည်များကို ဘေးမှ ပံ့ပိုးပေးရသည်။
"အခု
တာဝန်ထမ်းဆောင်တဲ့ ခြောက်နှစ်အတွင်းမှာ ရှေ့တန်းစခန်းကို
ငါးခါလောက်တော့ရောက်ဖူးတယ်။ မိန်းကလေး တစ်ယောက်အတွက် ရှေ့တန်းစခန်းက
လုံခြုံမှုမပေးနိုင်ဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့
လုပ်ဖော်ကိုင်ဖက်လို့
ပြောရမလား၊ သူတို့တွေ တိုက်နေတာ ကိုမြင်တော့ မခံချင်စိတ်တော့ဖြစ်တယ်"လို့
သူ၏ တိုက်ပွဲအတွေ့အကြုံများကို ပြန်လည်ပြောကြားသည်။
၂၀၁၂ ခုနှစ်
ဒီဇင်ဘာလအတွင်း အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ အကြား
တိုက်ပွဲအရှိန်အမြင့်ဆုံးကာလတွင် ခါယာဘွန်ရှေ့တန်းစခန်း ရိက္ခာပို့
အဖွဲ့တွင် လိုက်ပါခဲ့သူ ခေါန်နန်သည်ခရီးလမ်းတစ်လျှောက်တွင်
သေနတ်သံများကြောင့် စိုးရိမ်ကြောက်ရွံ့မှုများ ဖြစ်ခဲ့သည်ဟု
ပြောသည်။
သို့သော် ရှေ့တန်းစခန်းအရောက် ဒဏ်ရာရနေသော သူ၏ ရဲဘော်ရဲဘက်များကို တွေ့လိုက်စဉ်
ခဏမှာပင် ကြောက်ရွံ့မှုများ လွင့်စဉ်ပျောက်ကွယ်သွားခဲ့သည်။
"ကိုယ်ကိုယ်တိုင်
မြင်လိုက်ရတဲ့အခါ ကြောက်စိတ်မရှိတော့ဘူး။ ကြားနေရတဲ့ သေနတ်သံတွေကလည်း
ကိုယ့်အတွက် ဘာမှ မထူးဆန်းသလိုဘဲ"ဟု သူက ဆိုသည်။
ခေါန်နန်လိုပင် မျိုးချစ်စိတ်တစ်ခုတည်းဖြင့် ကေအိုင်အေထဲ ၀င်လာသူ အမျိုးသမီးငယ်တစ်ဦးကတော့ အသက် ၂၅ အရွယ် ဘောက်နူးစင်ဖြစ်သည်။
မောင်နှမခုနစ်ယောက်တွင်
တတိယ မြောက်ဖြစ်သူ ဘောက်နူးစင်သည် ငယ်စဉ်ကပင် တပ်ထဲဝင်ရန်
စိတ်အားထက်သန်ခဲ့ရာ အသက် ၂၂ တွင် လိုင်ဇာ သို့ ရောက်ရှိခဲ့သည်။
"မိဘတွေကတော့
ရှမ်းပြည်မှာနေတာ။ ညီမက အမျိုးတွေနဲ့ မြစ်ကြီးနား မှာနေတာ။ တပ်ထဲဝင်ဖို့
ရည်မှန်းချက်က ရှိနေတာ့ မရောက်ရောက်အောင် သွားမယ်ဆိုပြီး
ကိုယ့်စရိတ်နဲ့ကိုယ် ၂၀၁၀
လောက်မှာ လိုင်ဇာကို လာခဲ့တာ"ဟု ဘောက်နူးစင်က ဆိုသည်။
၁၀ တန်းမအောင်တာကြောင့် သုံးနှစ်စစ်သင်တန်းကို တက်ခွင့်မရပေမယ့် မုမ်လိုန်ခက်တွင် သုံးလစစ်သင်တန်းကို သင်ယူခွင့်ရခဲ့သည်။
ရဲဘော်ဘ၀မှ ဒုတပ်ကြပ်အဆင့် ဖြစ်လာသော ဘောက်နူးစင် လက်ရှိတာဝန်ကျသည့် ဌာနမှာကေအိုင်အေ အုပ်ချုပ်ရေး ရုံးပင်ဖြစ်သည်။
"အဓိကတာဝန်က
စာဝင်၊ စာထွက် တာတွေလုပ်ပေးရတာပေါ့။ နောက် စာရင်းဇယားတွေ လုပ်ပေးရတာပါ။
စစ်တော့ မတိုက်ရဘူး။ မိန်းကလေး ဆိုတော့။ သင်တန်းမှာတော့ စစ်သင်တန်း ပေးတယ်
လေ"ဟု ဘောက်နူးစင်က ပြောနေကျမဟုတ်သည့် မြန်မာစကားကို ဖြည်းဖြည်းချင်း အားယူကာပြောသည်။
သို့ပေမဲ့
တခြား အမျိုးသမီးတွေ လိုပင် သူလည်း တိုက်ပွဲဖြစ်ပွားသည့်အခါ
ရှေ့တန်းစခန်းများသို့ သွားရောက်ကာ ရဲဘော်ရဲဘက်များအား ကူညီပံ့ပိုးပေးရသူ
ဖြစ်သည်။
စစ်မှုထမ်းဆောင်သည့် ကာလအတွင်း အတွေ့အကြုံ အမှတ်တရများစွာ
ရှိခဲ့သော်လည်း သူ့မှတ်ဉာဏ်တွင် ယနေ့တိုင်စွဲထင်နေသော အတွေ့အကြုံတစ်ခုနှင့်
ပတ်သက်၍ "အစိုးရတပ်က
လေယာဉ်နဲ့ ဗုံးကြဲတုန်းကပေါ့။ အဲဒီအချိန်မှာ
တပ်သားတွေအတွက် ထမင်းချက်နေတာ။ ၀ုန်းဆိုတဲ့အသံကို ကြားလိုက်တဲ့အချိန်မှာ
နှလုံးတောင်မရှိသလို ခံစားရတယ်။ စစ်ပွဲကြောင့် ဆေးရုံမှာ
ဒဏ်ရာရတဲ့
သူတွေ၊ သေတဲ့သူအများကြီး။ အဲဒီအချိန်မှာ သူတို့အစား သေနတ်ထမ်းပြီး
ကိုယ်တိုင်သွားတိုက်လိုက်ချင်တဲ့ စိတ်ဖြစ်မိတယ်"ဟု ဘောက်နူးစင်က
ပွင့်လင်းစွာ ပြောသည်။
ကေအိုင်အေတွင် အမျိုးသမီး စစ်မှုထမ်းတစ်ထောင်ဝန်းကျင်ခန့်ရှိပြီး အများအားဖြင့် အသက် ၁၈ နှစ်မှ ၃၀ ၀န်းကျင်အရွယ်များဖြစ်သည်။
စစ်မှုထမ်းရန်
အသက် ၁၈ ပြည့်ရန်သာ လိုအပ်ပြီး ကန့်သတ်ချက် အများအပြား မရှိပေ။
ခံစားခွင့်အနေဖြင့် အမျိုးသား စစ်မှုထမ်းများနှင့် တန်းတူဖြစ်ပြီး ရဲဘော်မှ
စစ်ဦးစီးချုပ်အထိ ရိက္ခာအနေဖြင့်
တစ်နေ့လျှင် ဆန်သုံးဘူးနှင့် ဆားတစ်ထုပ်စီရရှိပြီး တစ်လလျှင် လစာကျပ် တစ်သောင်း ရရှိသည်။
"အုပ်ချုပ်တာကအစ
အားလုံး အတူတူပဲ။ ခွဲခြားတာတော့ မရှိဘူး။ စစ်သင်တန်းတက်ပြီးရင်တော့
ငါးနှစ် အနည်းဆုံး တာဝန်ထမ်းဆောင်ရတယ်။ ဒါပေမဲ့ အမျိုးသမီးတွေ
အိမ်ထောင်ပြုမယ်ဆိုရင်
တော့ တပ်က ထွက်ချင်ရင် ထွက်ခွင့်ပေးတယ်။
အိမ်ထောင်ပြုပြီးရင် တာဝန်ထမ်းဆောင်ဖို့ဆိုတာအမျိုးသမီးတွေကျတော့
အဆင်မပြေတော့ဘူးလေ"ဟု ဗိုလ်ကြီး ဇော်မိုင်ကပြောသည်။
"အခုထိတော့
တပ်ကထွက်ဖို့ စဉ်းစားမထားဘူး။ အိမ်ထောင်ကတော့ တစ်ချိန်ချိန်ပြုမှာပေါ့။
အပျိုကြီး မလုပ်ဘူး"ဟု ဘောက်နူးစင်က ရယ်ရင်းပြောသည်။
ရည်မှန်းချက်ကြီးသူ ဒုဗိုလ် ခေါန်နန် ကမူ "ကေအိုင်အေမှာ ထူးချွန်တဲ့သူတွေဆိုရင် တရုတ်ပြည်မှာ
ထပ်ပြီး
သင်တန်းတွေ တက်ခွင့်ရတယ်။ စစ်ပညာတွေကို အခုထပ်ပိုပြီး သင်ချင်တယ်။
ညီမတို့တိုင်းရင်းသားတွေအတွက် ဆက်ပြီးတိုက်ပွဲဝင်မယ်။ ကိုယ်တတ်နိုင်သလောက်
ကြိုးစားမယ်"ဟု
ယုံကြည်ချက်အပြည့်ဖြင့် ဆိုသည်။
ကေအိုင်အေတွင်
ကချင်တိုင်းရင်းသားများ အပါအ၀င် ရှမ်းနှင့် ရခိုင် တိုင်းရင်းသား
အမျိုးသမီးစစ်မှုထမ်းများလည်း တာဝန်ထမ်းဆောင်လျက်ရှိရာ ၎င်းတို့ရရှိသော
လစာငွေဖြင့် မိသားစုအား
ပြန်လည် မထောက်ပံ့နိုင်သော်လည်း တိုင်းရင်းသား
အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသည့် သူတို့အပေါ် မိသားစုဝင်များက
ဂုဏ်ယူလျက်ရှိကြောင်း ပြောကြသည်။
ယခုကဲ့သို့ စစ်မှုထမ်းအမျိုးသမီးများကြားတွင် မတူညီသော ခံယူချက်များ ရှိနေလင့်ကစားသူတို့တွင် တူညီသော ခံစားချက်တစ်ခုတော့ ရှိသည်။
ထိုအရာမှာ စစ်မှန်သည့် ငြိမ်းချမ်းရေး ရရန် အလှမ်းဝေးဆဲဖြစ်သည် ဆိုသည့် အချက်ပင်ဖြစ်သည်။
"ငြိမ်းချမ်းရေးကတော့
ဆွေးနွေး နေတာပဲ။ စစ်ပွဲတွေလည်း ဖြစ်နေတုန်းပဲ။ စကားတွေသာပြောနေတာ
လက်တွေ့ဖြစ်နေတာနဲ့တော့ တခြားစီပဲလေ။ အစိုးရဘက်က
လက်တွေ့မှာငြိမ်းချမ်းရေးကို လွယ်လွယ်မပေးချင်ပါဘူး။ သူတို့ပဲ အစစ
အုပ်စိုးချင်တာ။ ဆွေးနွေးပွဲကနေ
သိပ်ပြီး မမျှော်လင့်ဘူး"ဟု ခေါန်နန်က ပြောသည်။
မိမိကွန်ပြုတာမှာ USB ပေါက်တွေကနေလာတဲ့ ဗိုင်းရပ်ကို ကာကွယ်ကြမယ်
-
*USB DISK SECURITY 6.2.0.125 WITH KEYGEN*
*မိမိတို့ကွန်ပြူတာကို နေရာအမျိုးမျိုးကနေ ပြီးတော့ virus
အမျိုးမျိုးဝင်နိုင်ပါတယ်*
*အခုပေးချင်တာလေးကတော့ မိ...
9 years ago
0 comments:
Post a Comment