Related Posts Plugin for WordPress, Blogger...

Saturday, November 30, 2013

စီးပွားရေး လက်ဝါးကြီးအုပ်မှု ဟန့်တားမည့် ယှဉ်ပြိုင်မှုဥပဒေ လာမည့်နှစ် ထွက်ရှိမည်ဟုဆို

မျှတသော စီးပွားရေး ယှဉ်ပြိုင်မှု စနစ်ကို ထောက်ကူမည့် ယှဉ်ပြိုင်မှု ဥပဒေ (Competation Law) ကို ၂၀၁၂ ခုနှစ်က စတင်ရေးဆွဲလျက် ရှိပြီး လာမည့် ၂၀၁၄ ခုနှစ်တွင် ထွက်ရှိနိုင်မည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ယှဉ်ပြိုင်မှု မူဝါဒဌာနခွဲ ညွှန်ကြားရေးမှူး ဦးဝင်းတင့်က နိုဝင်ဘာ ၂၉ ရက်နေ့တွင် ပြောကြားသည်။

တရားသဖြင့် စီးပွားရေး ယှဉ်ပြိုင်မှုများတွင် တစ်ဦးတစ်ယောက် သို့မဟုတ် အစုအဖွဲ့များ၏ စီးပွားရေး လက်ဝါးကြီး အုပ်မှုများ၊ ဈေးကစားမှု များကြောင့် ပြည်သူများ၏ အကျိုးစီးပွား ထိခိုက်မှုကို တားဆီးရန်နှင့် မျှတသော နိုင်ငံတကာ စီးပွားရေး ပြိုင်ဆိုင်မှုကို အဟန့်အတား ဖြစ်စေမှုများကို ထိန်းချုပ်ရန်အတွက် ယှဉ်ပြိုင်မှု ဥပဒေကို ရေးဆွဲခြင်း ဖြစ်သည်ဟု အဆိုပါ ပုဂ္ဂိုလ်က ဆိုသည်။

ယှဉ်ပြိုင်မှု ဥပဒေကို လက်ရှိတွင် မူကြမ်းရေးဆွဲပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးကို ရှင်းပြပြီး ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် သမ္မတရုံး၊ အစိုးရအဖွဲ့နှင့် ဥပဒေကြမ်း ကော်မတီထံ ဆက်လက်တင်ပြမည် ဖြစ်သည်ဟု ၎င်းကဆိုသည်။
“လာမယ့်နှစ် ဇွန်လပိုင်းလောက် ဆိုရင်တော့ ဥပဒေက ထွက်လာနိုင်တယ်။ ဥပဒေ ဆွဲတုန်းကလည်း ပညာရှင်တွေရော၊ ဝန်ကြီးဌာနတွေရော၊ စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပါပါတယ်” ဟု ဦးဝင်းတင့်က ရှင်းပြသည်။

ယှဉ်ပြိုင်မှု ဥပဒေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့က ပူးပေါင်း ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း ယှဉ်ပြိုင်မှု မူဝါဒဌာနခွဲမှ သိရှိရသည်။

မြန်မာနိုင်ငံတွင် ဥပဒေများ ရှိသော်လည်း လိုက်နာမှု အားနည်းကြောင်း၊ အစိုးရ၏ ပွင့်လင်းမြင်သာမှုသည် စီးပွားရေး လုပ်ငန်းရှင်များ အတွက် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများက စီးပွားရေး လက်ဝါးကြီး အုပ်မှုများကြောင့် သာမန် စီးပွားရေး လုပ်ငန်းရှင်များမှာ ယှဉ်ပြိုင်မှု ခက်ခဲနေရသည်ဟု ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောကြားသည်။

“ဥပဒေကတော့ ရှိမှာပဲ။ လိုက်နာဖို့က ပိုအရေးကြီးတယ်။ ရိုးရိုး စီးပွားရေး လုပ်ငန်းရှင်တွေကတော့ အရေးယူခံရမှာ ကြောက်ပြီး ဥပဒေ လိုက်နာပေမယ့် အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက တော့ လိုက်နာချင်မှ လိုက်နာမှာပေါ့” ဟု ပြည်တွင်း ကြက်မွေးမြူရေး လုပ်ငန်းရှင် ဒေါ်လှလှသိန်းက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနနှင့် ဌာနခွဲများကို ယခုနှစ် ဧပြီလ အတွင်းက ပြန်လည် ဖွဲ့စည်းခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U