Related Posts Plugin for WordPress, Blogger...

Tuesday, December 3, 2013

ညအချိန် ကုန်ကားများပေါ်မှနှမ်းအိတ်များ မိုးကာခွဲ၍ ခိုးယူခံနေရခြင်းများကြောင့် ဒေသခံများစိုးရိမ်နေ



မကွေးတိုင်းဒေသကြီး နတ်မောက်-ပျှော်ဘွယ်ကားလမ်းမကြီးတလျောက်ရှိ ပန်းတင်ရိုးရေကျော်မှ ကျားထူးကျေး ရွာအနီး မြို့ချောင်းရေကျော်ဝန်းကျင်တဝိုက်နေရာများတွင် ညအချိန် ဖြတ်သန်းသွားလာနေကြသော ကုန်ကားများအား မိုး ကာကို ဒါးဖြင့်ခွဲကာ ခိုးယူမှုများရှိလာသဖြင့် ကုန်ကားသမားများစုမှာညပိုင်းတွင် မဖြတ်ရဲကြပဲ ဒေသခံပြည်သူများအနေဖြင့် လည်း စိုးရိမ်မှုများရှိနေကြကြောင်း ကုန်ကားမောင်းသူ ကိုနေလင်းအောင်(၉က/၁၂၉၂)ကပြောသည်။

      ''ကျွန်တော်တို့ကားက ၂၅/၁၁/၂ဝ၁၃နေ့ နံနက်၂း၃ဝ နာရီမှာနတ်မောက်မှာလက်ဖက်ရည်သောက်နားကြတယ်။ အရင်ကလည်းခံရထားတာတွေရှိနေတော့ ကားဖေါ်စောင့်ရင်းနားတာပါ။အောင်လံက၁၂ဘီးဝင်လာတော့အဖေါ်ရပြီ ဆိုပြီး ထွက်ဖို့ညှိသေးတယ်။သူတို့က နတ်မောက်မြောက်ဘက်ရောက်ရင်ညပိုင်းဆို လေးခွနဲ့ပစ်တာတွေရှိတယ်။မသွားတော့ဘူး။ မိုးလင်းမှမောင်းမယ်ဆိုပြီးဘယ်လိုမှခေါ်လို့မရဘူး''ဟုကိုနေလင်းအောင်ကပြောပြသည်။

''မနက်၃းဝဝနာရီလောက်မှာ  နတ်မောက်ကထွက်ခဲ့တာ။သူခိုးရန်ကြောက်လို့ အလုပ်သမားလေးယောက်ကိုပါ ခေါ်လာတာ အားလုံးပေါင်းခြောက်ယောက်ပေါ့။ နာမည်ဖြစ်နေတဲ့ မသင်္ကာတဲ့နေရာတွေမှာ ကျွန်တော့ညီက ကားပေါ်မှာ ရှေ့နောက်အဆုံးလျှောက်ကြည့်ပြီး နားနားပြီးမောင်းလာခဲ့တာ ကျားထူးတံတားမှာရပ်ပြီး တစ်ခါစစ်သေးတယ်။ဘာမှမဖြစ် ဘူး။ အေးအေးဆေးဆေးပါပဲ။ဒီလိုနဲ့ နာမည်ကြီးနေရာတွေကျော်ခဲ့ပြီဖြစ်လို့ ကိုယ်နယ်ထဲရောက်ပြီဆိုပြီး စိတ်ချလက်ချ မောင်းလာခဲ့တာမိတ္ထီလာမှာ ကားချင်းကုန်ချိန်းဖို့လုပ်မှ ကျွန်တော့ကားကမိုးကာကြီးကို ဒီစာပွဲကြီးတစ်ခုစာလောက်ခွဲပြီး နှမ်းအနီ၂၅ပိဿာအိတ် (၇)လုံးအခိုးခံရတယ်''ဟု မန္တလေးအခြေစိုက် စိန်သရဖူယာဉ်လိုင်းမှအဝေးပြေးကုန်ကားပိုင်ရှင် ဦးမိုးလှိုင်ဌေးကပြောသည်။

၂ဝ/၁၁/၂ဝ၁၃နေ့ ည(၈း၃ဝ)နာရီခန့်တွင်မန္တလေး စိန်သရဖူ၈ိတ်မှ ၆က/၉၇၅ဝ ခြောက်ဘီးကုန်ကားတစ်စီးလည်း တောင်တွင်းကြီးမှမိတ္ထီလာသို့ကုန်ပို့သွားစဉ် ကျွဲမင်းကျရေကျော်မြောက်ဘက် လေးအိမ်ကျေးရွာအကြားတွင် နှမ်းအနက် (၇)လုံး မိုးကာခွဲပြီး အခိုးခံရကြောင်း၊ လေးအိမ်ရွာ အတက်မှာ မှီလာတဲ့နောက်ကကားမှ မိုးကားအကွဲကြီးကို မီးရောင် ဖြင့်မြင်လို့ပြောမှသိရသည် ဟု ၄င်းကားမောင်သူ ကိုဝိုင်းချစ်ကပြောပြသည်။

      ''ကျွန်တော်တို့ကတော့ လမ်းမှာဆိုတော့ ရဲကိုလည်းအကြောင်းမကြားဖြစ်ခဲ့ဘူး။နတ်မောက် မထသဥက္ကဌကိုတော့ သတင်းပို့ထားတယ်။ ဒါပေမယ့်ဖြစ်တာတွေက ပိုများလာတယ်။အထူးသဖြင့်လည်း ခံရတဲ့ကားတွေက တောင်တွင်းကြီးက ထွက်လာတဲ့ကားတွေသာ ခံရသလိုဖြစ်နေပြီး ကျန်တဲ့ကားတွေက မခံရသလောက်ပဲ။ပြီးတော့လည်း ခံရတဲ့နှမ်းအိတ်အရေ အတွက်တွေကလည်း(၇)လုံးတွေချည်းပဲတူနေပြန်တယ်။ဒီအချက်တွေကထူးခြားနေတယ်''ဟု စိန်သရဖူဂိတ်မှ ဂိတ်ပိုင်ဖြစ်သူ ဦးမိုးလှိုင်ဌေးက သူ၏ထင်မြင်ချက်ကိုပြောသည်။

၎င်းဖြစ်ရပ်များတွင် ပထမဆုံးခိုးယူခြင်းခံရသည့်ကားမှာ ရှမ်းရာဇာအမည်ရှိ ကုန်ကားကြီးဖြစ်ပြီး၊ ၄င်းနောက် ဆ/ရ၂၈၉၊ ၆က/၉၇၅ဝ၊ ၉က/၁၂၉၂တို့မှာတပတ်ခန့်အကြာတွင် အစဉ်လိုက်အခွဲခံရသော ကားများဖြစ်သည်။ဒေသခံဖြစ် သော နတ်မောက်မြို့မှ ကုန်ကားတစ်စီးလည်းဒီကြားထဲခံရထားပြီး စုစုပေါင်း(၇)စီးခန့် လူသိရှင်ကြားခံရထားရကြောင်း ကုန်ကားမောင်းသူတစ်ဦး၏ ပြောပြချက်အရသိရသည်။

နတ်မောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်လွင်က အဆိုပါဖြစ်စဉ်များကို အသေးစိတ်လေ့လာနေပြီး လိုအပ်သော အ ထူးစီမံချက်များဖြင့် ပိုက်စိတ်တိုက်လှုပ်ရှားမှုများကို အရပ်ဖက်အကူအညီများ ရယူကာ ဆောင်ရွက်သွားရန်စီစဉ်လျှက်ရှိ ကြောင်းရှင်းပြသည်။

နတ်မောက်မြို့မြောက်ဘက် လမ်းမတလျောက် ပန်းတင်ရိုးရေကျော်၊ ကျွဲမင်းကျရေကျော်၊ လေးအိမ်အနီးသံလမ်းကူး တဝိုက်၊ ရွာမွန်အနီး နွားမျောချောင်းရေကျော်နှင့် ကျားထူးတံတားအဝင် မြို့ချောင်းရေကျော်တို့ အနီးဝန်းကျင်တဝိုက်များတွင်ခံ နေကြရသည်ဟု ကားသမားအများစုကယူဆကြ၍ အဆိုပါနေရာများသို့ရောက်လျှင် အထူးသတိထားကြရကြောင်း၊ တခိျု့ ကားများဆိုလျှင်ညအချိန်တွင် လေးခွနှင့်ပင်အပစ်ခံရခြင်းတို့ကြောင့် နတ်မောက်မြို့တွင် ညအိပ်ရပ်နားနေကြပြီး မိုးလင်းမှသာ မောင်းနှင်ကြကြောင်း အမည်မဖော်လိုသူ ဒေသခံကားသမား တစ်ဦးကပြောသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U