Related Posts Plugin for WordPress, Blogger...

Saturday, December 7, 2013

ပြည်နယ် ၀န်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်ခန့်အပ်မူမျိုး မဖြစ်သင့်ဟုဆို



ရခိုင်ပြည်နယ်  ကျောက်ဖြူမြို့တွင် ဒီဇင်ဘာလ ၃ ရက်နေ့က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

၎င်းဆွေးနွေးပွဲအား နိုဝင်္ဘာလ ၂၁ ရက်နေ့ကမှ အသစ် စတင်ဖွင့်လှစ်ခဲ့သော ကျောက်ဖြူ ဟိုတည်တွင် ပြုလုပ်ခဲ့ပြီး ALD ဥက္ကဌ ဦးအေးသာအောင်၊ ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်၊  ရမ်းဗြဲမြို့မှ ရှေ့နေ ဦးတင်အောင်၊ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာ ဦးဖေမြင့်တို့ တက်ရောက်သည်ဟု သိရသည်။ မတက်ရောက်နိုင်သူ RNDP ဥက္ကဌ ဒေါက်တာ အေးမောင်မှ ဖုံးထဲက တဆင့် ဆွေးနွေးခဲ့သည်ဟု  အခမ်းအနားကို ကိုယ်တိုင် တက်ရောက် ဆွေးနွေးခဲ့သူ ဦးသန္တာမောင်က ပြောသည်။

ယင်းဆွေးနွေးပွဲအား ကျောက်ဖြူ လူမူကွန်ယက်မှ ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး  “ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ လူထုဆွေးနွေးပွဲ” ဟု ခေါင်းစဉ်တပ်ထားသည်ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် အဓိက အခန်း (၅) ခန်း ခွဲပြီး ဆွေးနွေးကြကာ ၎င်းတို့မှာ (က) သမ္မတနှင့် နိုင်ငံ တည်ဆောက်ပုံ၊ (ခ) ဥပဒေပြုရေး (ဂ) ဥပဒေပြဌာန်းချက် ပြင်ဆင်ခြင်း (ဃ) အရေးပေါ် ပြဌာန်းချက်နှင့် တပ်မတော်၏ အခန်းကဏ္ဍနှင့် (င) တရားသူကြီးများ အမှီအခိုကင်းရှင်းရေးတို့ ဖြစ်သည်။

“ ကျွန်တော်က ဥပဒေပြဌာန်းချက် ပြင်ဆင်ရေး အခန်းကို အဖွဲ့ခေါင်းဆောင် အနေနဲ့ ဦးဆောင်ပြီး ဆွေးနွေးရတယ်။ ကျွန်တော်က အဲဒီမှာ အချက် (၅) ခုကို တင်ပြဆွေးနွေးပါတယ်။ နံပတ်တစ်က ပြည်နယ် ၀န်ကြီးချုပ်ကို ပြည်နယ် လွှတ်တော်မှ တင်မြှောက်ရန် စီစဉ်ခြင်း၊ နံပတ် နှစ်က တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်ကိုယ်စားပြုရန် လိုအပ်- မလိုအပ်၊ နံပတ်သုံးက ပြည်နယ်နဲ့ တိုင်း လွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်နေမူကို ပြင်ဆင်ခြင်း၊ နံပတ်လေးက ပြည်နယ်တိုင်း သယံဇာတများကို ပြည်နယ်နဲ့ တိုင်းအလိုက် အချိုးကျခွဲဝေ သုံးစွဲခွင့်ရရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ နံပတ်ငါးက အရေးပေါ် အခြေအနေ ပေါ်ပေါက်လာပါ တပ်မတော်က အခြေခံ ဥပဒေနှင့် အညီ အာဏာသိမ်းနိုင်တယ်လို့ ဆိုထားတဲ့ အရေးပေါ် ပုဒ်မ ၄၀ (ဂ)  ကိုပြင်ဆင်ခြင်း ဆိုတာကို ဆွေးနွေးရပါတယ်” ဟု ဆိုသည်။

ပြည်နယ် ၀န်ကြီးချုပ်ကို အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များကသာ ပြည်နယ် လွှတ်တော်တွင် ဒီမိုကရေစီ နည်းလမ်း တကျ ရွှေးကောက် တင်မြှောက်သင့်ပြီး သမ္မတမှ တိုက်ရိုက် ခန့်အပ်မူမျိုး မဖြစ်သင့်ဟု  တင်ပြ ဆွေးနွေးမူ အပေါ် အများက လက်ခံ သဘောတူခဲ့ကြသည်ဟု သူက ပြောသည်။

၎င်းဆွေးနွေးပွဲသို့ နိုင်ငံတော် ဖွဲ့စည်းပုံ ပြုပြင် ပြောင်းလဲရေး နိုင်ငံသားများ အားလုံးနှင့် သက်ဆိုင်သည်ဟု ခံယူထားကြသော ကျောက်ဖြူမြို့မှ ဒေသခံ ပြည်သူ ၃၀၀ ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U