Related Posts Plugin for WordPress, Blogger...

Monday, December 16, 2013

အနုပညာရှင်များ ထိန်းသိမ်းနေထိုင် ပြောဆိုကြရန် ရုပ်ရှင် အစည်းအရုံး ကြေညာချက်ထုတ်



အနုပညာရှင်များ အနေနှင့် ရုပ်ရှင် ရိုက်ကွင်းများ၊ ဖျော်ဖြေပွဲများ၊ လူအများ သွားလာ အပန်းဖြေရာ နေရာများသို့ အလုပ်ဖြင့် လည်းကောင်း၊ အပေါင်းအသင်းများနှင့် အပျော်တမ်းသွားလာ စားသောက်ရာတွင် လည်းကောင်း မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်မှု၊ အနေ အထိုင် အပြောအဆို အပြုအမူများမှအစ ကိုယ်ကျင့်တရားနှင့် မိမိတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြရန် ရုပ်ရှင်အစည်းအရုံး နာယကကြီးများက မေတ္တာရပ်ခံကြောင်း ကြေညာချက် တစ်စောင်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

“ဒီကြေညာချက်ကတော့ အနုပညာရှင်တွေ အနေနဲ့ ဝတ်စားဆင်ယင်တဲ့ နေရာမှာပဲ ဖြစ်ဖြစ်၊ နယ်ရိုက်ကွင်းတွေ သွားတဲ့အခါပဲ ဖြစ်ဖြစ် သတိလေးထားပြီး နေထိုင်သွားလာ ဝတ်ဆင်ကြဖို့ ကြေညာချက် ထုတ်တာပါ။ ကိုယ်ကတော့ ကိုယ်လုပ်တာ ဘယ်သူမှ မသိဘူးလို့ ထင်ချင် ထင်လိမ့်မယ်။ နောက်ပြီး အခုခေတ်က IT ခေတ် ဖြစ်တဲ့အတွက် ကိုယ့်သတင်းတွေက ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ထွက်လာနိုင်တယ်။ အဲဒီအတွက် သတိလေးထားပြီး နေကြဖို့ ပြောချင်တာ ပါ” ဟု ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရုပ်ရှင်အစည်းအရုံး နာယက အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဒါရိုက်တာ ဦးနှင်းမိုးက ပြောကြားသည်။

ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူ လူကြီးများ၏ မေတ္တာ ရပ်ခံချက် ဖြစ်သည့်အတွက် လိုက်နာရမည်ပင် ဖြစ်ကြောင်း၊ ဒီမိုကရေစီခေတ်တွင် လွတ်လပ်စွာ နေထိုင် နိုင်ကြသော်လည်း လူတိုင်းသည် ကိုယ့်စည်း၊ ကိုယ့်ဘောင်နှင့် နေထိုင်နိုင်ကြပါက အကောင်းဆုံး ဖြစ်ကြောင်း၊ ယခုကတည်းက ကိုယ့်အသိစိတ်ဓာတ်နှင့်ကိုယ် ထိန်းထိန်း သိမ်းသိမ်း နေထိုင်ကြရမည် ဖြစ်ပြီး ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်လာသည်မှာ သိက္ခာကျကြောင်း သရုပ်ဆောင် အေးမြတ်သူက ဆိုသည်။

ယခုကဲ့သို့ ထုတ်ပြန်ချက်မျိုးကို အစိုးရ အဆက်ဆက်ကလည်း ထုတ်ခဲ့ဖူးပြီး အရေးကြီးသည်မှာ မိမိ၏ ပင်ကို အသိစိတ်ဓာတ်နှင့် ထိန်းသိမ်းသည်ကသာ အကောင်းဆုံး ဖြစ်ကြောင်း၊ ကြေညာချက် ထုတ်ပြန်ရုံနှင့်လည်း လိုက်နာကြမည်ဟု မထင်ကြောင်း၊ လတ်တလောတွင်လည်း မလုပ်သင့်သည်ကို လုပ်သည့် အနုပညာရှင်များကို ပရိသတ်များက ဒဏ်ခတ်နေပြီး ထိုသို့ မလုပ်ပါက အပြောခံရမည် မဟုတ်ကြောင်း ဒါရိုက်တာဝိုင်းက ပြောကြားသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U