Related Posts Plugin for WordPress, Blogger...

Sunday, December 1, 2013

မြို့နယ် ၂၀ ရှိ အလုပ်သမားများ၏ ကုန်ကျစရိတ်ကို စစ်တမ်းကောက်ယူနေပြီး အနိမ့်ဆုံးလစာ သတ်မှတ်ရာတွင် ထည့်သွင်း တင်ပြသွားမည်



ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၀ တွင် အလုပ်သမားများ၏ အထွေထွေ ကုန်ကျစရိတ်များကို စစ်တမ်းကောက်ယူနေပြီး အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရာတွင် အလုပ်သမား ၀န်ကြီးဌာနသို့ ထည့်သွင်း တင်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂချုပ်(ယာယီ)မှ သိရသည်။

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ စမ်းချောင်း၊ တာမွေ၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒလ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ သာကေတ၊ သင်္ဃန်းကျွန်း၊ အောင်ဆန်း(ဖော့ကန်)၊ ရွှေပေါက္ကံ၊ မရမ်းကုန်းနှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များမှ အလုပ်သမားများ၏ စားဝတ်နေရေး အထွေအထွေ ကုန်ကျစရိတ်တို့ကို နိုဝင်ဘာမှ စတင်ကာ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (ယာယီ)မှ ဦးဆောင်၍ စစ်တမ်း ကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်တမ်းကောက်ယူရာ၌ လူသုံးဦး ပါဝင်သည့် မိသားစုတစ်စု၏ ကုန်ကျစရိတ်သည် တစ်လလျှင် ပျမ်းမျှ နှစ်သိန်းနီးပါးရှိနေပြီး အလုပ်သမားတစ်ဦး၏ လက်ရှိဝင်ငွေမှာ အများဆုံး တစ်သိန်းဝန်းကျင်ခန့်သာ ရှိကြောင်း သိရသည်။

"မိသားစုတစ်စုကို မူလတန်းအရွယ် ကျောင်းသားတစ်ယောက် အပါအ၀င် သုံးယောက်နှုန်းနဲ့ တွက်ချက်ထားတယ်။ သူ့ရဲ့ မီးဖိုချောင် အသုံးစရိတ်၊ အိမ်လခ၊ ကလေးကျောင်းစရိတ်စတဲ့ အထွေထွေ ကုန်ကျစရိတ်က တစ်လကို တစ်သိန်းကိုးသောင်း နီးပါးရှိတယ်။ ဒါက အခြေခံ ကုန်ကျစရိတ်ပဲ ရှိသေးတယ်။ နောက်ထပ် စက်ရုံအလုပ်ရုံသမားတွေရဲ့ စားဝတ်နေရေး အခြေအနေကို ထပ်ပြီး စာရင်းကောက်ဖို့ရှိတယ်"ဟု မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (ယာယီ)မှ အဖွဲ့ဝင် ဦးထွန်းညွှန့်ဦးက ဆိုသည်။

"စစ်တမ်းကောက်ယူလို့ရတဲ့ အချက်အလက်ပေါ် မူတည်ပြီး အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာက ဘယ်လောက် သတ်မှတ်သင့်တယ်ဆိုတာကို အလုပ်သမားဝန်ကြီးဌာနကို တင်ပြသွားမှာပါ" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အနိမ့်ဆုံး အခြေခံလုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနနှင့် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်တို့ ပူးပေါင်းကာ အလုပ်သမားတစ်ဦး၏ စားသောက်မှု ကုန်ကျစရိတ်၊ မိသားစုနှုန်း လက်ရှိဝင်ငွေတို့ကို သုတေသန ပြုလုပ်လျှက်ရှိပြီး စက်ရုံအလုပ်ရုံများတွင် ကွင်းဆင်း လေ့လာမှုများ ပြုလုပ်နေကြောင်း သိရသည်။

(ရန်ကုန်-ဒလ ဆိပ်ကမ်းအဆင်း တံတားပေါ်တွင် အလုပ်သမားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်))

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U