Related Posts Plugin for WordPress, Blogger...

Sunday, December 1, 2013

Panasonic က NGO များကို နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်မီးအိမ် ၂၀၀၀ လှူဒါန်း




Panasonic က ပြည်တွင်းတွင် လူမှုရေးနှင့် ကျန်းမာရေး ကူညီစောင့်ရှောက်မှုများ ပေးအပ်နေသော ပြည်တွင်း ပြည်ပ NGO အဖွဲ့အစည်းငါးခုကို နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်မီးအိမ် ၂၀၀၀ လှူဒါန်းကြောင်း Panasonic ကုမ္ပဏီမှ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ အရာရှိချုပ် Mr.Hisakazu Maeda က ပြောကြားသည်။

Panasonic နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ Japan Heart၊ Bridge Asia Japan၊ Greater Mekong Initiative နှင့် စေတနာ အဖွဲ့အစည်း ငါးခုသို့ လှူဒါန်းခြင်း ဖြစ်ပြီး သက်ဆိုင်ရာ နယ်ပယ်များသို့ အဆိုပါ အဖွဲ့အစည်းများက ဖြန့်ဝေမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ နေရောင်ခြည် စွမ်းအင်သုံး မီးအိမ်တွင်ပါသော ၃ ဒသမ ၅ ဝပ်ဘက်ထရီကို ဆိုလာပြားဖြင့် ချိတ်ဆက်ထားပြီး နေရောင်ခြည် ကောင်းစွာ ရရှိချိန်တွင် ခြောက်နာရီကြာ အားသွင်းထားရုံမျှဖြင့် ခြောက်နာရီမှ နာရီ ၉၀ အထိ သုံးစွဲနိုင်ပြီး USB အပေါက် ပါဝင်သောကြောင့် မိုဘိုင်းလ်ဖုန်း အပါအဝင် အခြားပစ္စည်းများကိုပါ ချိတ်ဆက် အားသွင်းနိုင်ကြောင်း သိရသည်။
“Panasonic က ဒီမီးအိမ်မျိုး အရေအတွက် ၃၀၀၀ ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လတုန်းကလည်း ပထမတစ်သုတ် လှူဒါန်းခဲ့ဖူးပါတယ်။ အဲဒီဟာတွေကို ဘေးအန္တရာယ် ကျရောက်ရာ ဒေသတွေ၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေကို ပံ့ပိုးနိုင်ခဲ့ပါတယ်” ဟု မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက ပြောကြားသည်။

အဆိုပါ မီးအိမ်များကို တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅၀ နှုန်းဖြင့် ၂၀၁၄ ခုနှစ်တွင် မြန်မာ့ဈေးကွက် အတွင်း၌ စတင်ဖြန့်ချိရောင်းချမည် ဖြစ်ပြီး လျှပ်စစ်မီး မရရှိသော ဒေသများသို့ လှူဒါန်းမှု များကိုလည်း ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း Panasonic ကုမ္ပဏီထံမှ သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U