Related Posts Plugin for WordPress, Blogger...

Wednesday, December 11, 2013

ယမ်းငွေ့ဝေဆဲ မန်စီနယ်



အစိုးရနှင့် ကေအိုင်အိုတို့ကြား အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့သော မြစ်ကြီးနားငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး နှစ်ပတ်ကျော်ခန့်အကြာ မန်စီမြို့နယ်အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။

မုန်းဒိန်ပါ၊ နမ့်လင်းပါကျေးရွာဝန်းကျင်များတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံပြည်သူထောင်နှင့်ချီ၍ တရုတ်နယ်စပ်နှင့် ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ၂ နှစ်ကျော်ကာလအတွင်း စစ်ဘေးဒုက္ခသည် ပြည်သူတစ်သိန်းကျော်အရေး မဖြေရှင်းနိုင်မီ စစ်ရှောင်ပြည်သူများ ထပ်မံတိုးပွားနေဆဲဖြစ်သည်။

လက်ရှိအချိန်တွင်လည်း မန်စီမြို့နယ်အတွင်း အစိုးရတပ်နှင့် ကေအိုင်အေတပ်တို့ကြား တပ်များနေရာယူထားမှုမှာ တစ်ဖက်နှင့်တစ်ဖက် တစ်မိုင်ခန့်သာကွာဝေးနေသည်။ ယင်းကြောင့်ပင် အချိန်မရွေး တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။

အစိုးရနှင့် ကေအိုင်အိုကြား ငြိမ်းချမ်းရေးဆွေးနွဲပွဲများ ပြုလုပ်နေသော်လည်း တိုက်ပွဲများပြန်လည်ဖြစ်ပွားနေရခြင်းအပေါ် မေးခွန်းထုတ်စရာဖြစ်နေသည်။

ဖန်ခါးကုန်းစစ်ရှောင်စခန်း
ဗန်းမော်မြို့အစွန်ရှိ ဖန်ခါးကုန်းစစ်ရှောင်စခန်းတွင် အသက် ၆၇ နှစ်အရွယ်ရှိ စစ်ဘေးဒုက္ခသည် ဦးအင်ခွန်နော်တစ်ယောက် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန် တန်းစီစောင့်ဆိုင်းနေပါသည်။ သူကဲ့သို့ တိုက်ပွဲများကြောင့် အ၀တ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးတိမ်းရှောင်လာရသော စစ်ဘေးဒုက္ခသည်ပြည်သူများကို လ၀ကမှ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ပြုလုပ်ပေးနေခြင်းဖြစ်သည်။

ဦးအင်ခွန်နော်မှာ အောက်တိုဘာလနှောင်းပိုင်းက မုန်းဒိန်ပါကျေးရွာတွင် အစိုးရနှင့် ကေအိုင်အေတို့ကြားဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးဖြစ်သည်။

“လက်နက်ကြီးသံတွေ တ၀ုန်းဝုန်းနဲ့ ရွာထဲမှာ ယာလုပ်နေရင်းက ထွက်ပြေးလာရတော့ အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ပေါ့”ဟု ဦးအင်ခွန်နော်က သူ့အတွေ့အကြုံကိုပြောပြသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် လတ်တလောဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့်ပတ်သက်၍ အစိုးရနှင့် ကေအိုင်အေ နှစ်ဖက်ပြောကြားချက်များမှာ ကွဲပြားနေပါသည်။

အစိုးရဘက်က မန်စီမြို့နယ်တွင် စစ်ဆင်ရေးပြုလုပ်ခြင်းမဟုတ်ဘဲ ရဲတပ်ဖွဲ့လက်လှမ်းမမီသည့် မှောင်ခိုလမ်းကြောင်းများကို တပ်မတော်ကရှင်းလင်းခြင်းဖြစ်ပြီး ကေအိုင်အေတပ်ဘက်က အထက်၏အမိန့်ကိုမလိုက်နာဘဲ စတင်ပစ်ခဲ့ခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အောက်တိုဘာလ မြစ်ကြီးနားဆွေးနွေးပွဲအတွင်း နှစ်ဖက်သဘောတူညီခဲ့သည့် အရေးပါသော အများပြည်သူသုံးလမ်းများ ပြန်ဖွင့်နိုင်ရန် ကေအိုင်အေဘက်မှ တပ်သားများ နောက်ဆုတ်ပေးခဲ့သော်လည်း အစိုးရတပ်က သတ်မှတ်လမ်းကြောင်းအတိုင်း မ၀င်လာသည့်အတွက် မလွှဲမရှောင်သာ တိုက်ပွဲများပြန်လည်ဖြစ်ပွားရသည်ဟု ကေအိုင်အေဘက်မှ တုံ့ ပြန်ထားသည်။

ထို့အပြင် ယခုတိုက်ပွဲများဖြစ်ပွားရာ ဒေသများသည် ကေအိုင်အေတပ်များတည်ရှိရာ နယ်မြေများဖြစ်ပြီး အစိုးရတပ်များမ၀င်လာရန် ဆွေးနွေးပွဲတိုင်း၌ ပြောကြားထားခဲ့ကြောင်း ကေအိုင်အေဘက်ကလည်းဆိုပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပိုမိုပြုလုပ်လာပြီး တိုက်ပွဲအရှိန်လျှော့ရန် သဘောတူထားကြပါလျက် မန်စီနယ်တစ်ဝိုက်တွင် တိုက်ပွဲများထပ်မံဖြစ်ပွားခြင်းအပေါ် ပြည်သူများလည်း မျက်စိလည်လျက်ရှိသည်။ ကေအိုင်အေဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကိုယ်တိုင် ပထမဆုံးအကြိမ် ရန်ကုန်မြို့သို့လာရောက်ပြီး အစိုးရတာဝန်ရှိသူအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သောကြောင့် ယုံကြည်မှုပိုခိုင်မာလာအောင် ကြိုးပမ်းနေပါလျက် မရပ်တန့်သောတိုက်ပွဲများက ပဟေဠိဖြစ်စေသည်။

ကချင်အရေးလေ့လာစောင့်ကြည့်သူများနှင့် ဒေသတွင်း အဖွဲ့အစည်းများကမူ ယခုဖြစ်ပွားသောတိုက်ပွဲများကြောင့် အစိုးရဘက်မှ နယ်မြေစိုးမိုးမှုပိုမိုရရှိပြီး၊ ကေအိုင်အေတပ်များကို နယ်စပ်ဘက်သို့ ဖိတိုက်သည့်ပုံစံဖြစ်နေကြောင်း သုံးသပ်ကြသည်။

ထို့အပြင် အစိုးရနှင့်ကေအိုင်အို မေလဆွေးနွေးပွဲက သဘောတူညီခဲ့သည့် စစ်ရှိန်လျှော့ချရေး၊ တိုက်ပွဲများထပ်မံမဖြစ်ပွားရေးတို့ကို နှစ်ဖက်စလုံးမှ ချိုးဖောက်သည့် သဘောဖြစ်အောင် ပြုလုပ်နေသည့်ပုံစံဖြစ်နေကြောင်း ၎င်းတို့ကသုံးသပ်ကြသည်။

“ဆွေးနွေးပွဲတွေ ရှည်နိုင်သမျှရှည်အောင် ဆွဲဆန့်ပြီးလုပ်။ နယ်မြေစိုးမိုးရေးဝင်လုပ် နယ်စပ်ကိုတွန်းပို့၊ နောက်ဆုံးမလှုပ်သာတော့မှ လည်ပင်းညှစ်ပြီးအဖြေတောင်းမယ့် သဘောလို့မြင်တယ်”ဟု ကချင်အရေးစောင့်ကြည့်သူတစ်ဦးကဆိုသည်။

ဆွေးနွေးပွဲရလဒ်များအပေါ် ထိခိုက်မည်စိုးရိမ်သဖြင့် မြန်မာ့တပ်မတော်မှ ကေအိုင်အိုထိပ်ပိုင်းသို့ တရားဝင်အကြာင်းကြားပြီးမှ တရားဥပဒေစိုးမိုးရေးအတွက် လှုပ်ရှားခဲ့သော်လည်း အောက်ခြေကမလိုက်နာလိုသဖြင့် တိုက်ပွဲများဖြစ်ပွားနေရခြင်းဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ထိပ်တန်းအရာရှိတစ်ဦးကပြောသည်။

“ရဲတပ်ဖွဲ့လက်လှမ်းမမီတဲ့ ဒေသတွေမှာ မှောင်ခိုလမ်းကြောင်းတွေတားမြစ်ဖို့ တပ်မတော်ကတာဝန်ရှိတယ်။ ဒီလိုလုပ်တာ အဲဒီဒေသမှာရှိတဲ့ ကေအိုင်အေတွေအကျိုးကို အတော်နစ်နာစေတယ်လို့ သိရတယ်။ သူတို့ရဲ့အပေါ်က ညွှန်ကြားချက်ကိုကြားရပါတယ်။ အောင်ခြေကမလိုက်နာလို့ဖြစ်ရတာ”ဟု ဆိုပါသည်။

ယခုလတ်တလော တိုက်ပွဲများဖြစ်ပွားခဲ့သော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအစပ်ဒေသများသည် သဘာဝသယံဇာတများစွာရှိပြီး မဟာဗျူဟာကျသည့်နေရာများ ဖြစ်နေသည်ဟုလည်း ကချင်အရေးလေ့လာသူများကဆိုပါသည်။

ကေအိုင်အေ တပ်ရင်း ၂၇ မှ အရာရှိတစ်ဦးကမူ“နယ်မြေစိုးမိုးရေးလုပ်ချင်လို့လို့မြင်တယ်။ စီးပွားရေးအရပိတ်ချင်ရင် နယ်စပ်ဂိတ်ဘက်ကို ပိတ်နိုင်တာပဲ”ဟု တိုက်ပွဲများဖြစ်ပွားနေရခြင်းအပေါ် သူ့အမြင်ကိုပြောပြသည်။

ပြီးခဲ့သည့် တစ်လကျော်ကာလအတွင်း မန်စီမြို့နယ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အနည်းဆုံး ကျေးရွာ ၁၅ ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ၍ တရုတ်နယ်စပ် မန်ဝိန်းကြီးဒေသ လဂတ်ယန်စခန်း၊ ဗန်းမော်မြို့ဝန်းကျင်ရှိ စစ်ရှောင်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ယခုလက်ရှိအချိန်တွင် မန်စီမြို့နယ်တွင် အစိုးရတပ်မှ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂ ခုနှင့် တပ်ရင်း ၁၅ ရင်းခန့် လှုပ်ရှားနေသည်။ ကေအိုင်အေဘက်မှလည်း တပ်ရင်း ၁၊ ၁၂ နှင့်၂၇ တို့လှုပ်ရှားလျက်ရှိသည်။

နှစ်ဖက်တပ်များမှာ နီးကပ်လွန်းသည့်အပြင် စစ်ရေးလှုပ်ရှားမှုများရှိသဖြင့် အချိန်မရွေးတိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သည်ဟု ဒေသတွင်းအဖွဲ့အစည်းများကဆိုသည်။

“ကျွန်တော်တို့ကတော့ စစ်ပြေးဒုက္ခသည်တွေ အချိန်မရွေးထပ်လက်ခံနိုင်အောင် ပြင်ဆင်နေပါတယ်”ဟု ဖန်ခါးကုန်းစစ်ရှောင်စခန်း တာဝန်ခံဒူဝါဇော်ဘောက်ကပြောသည်။

အစိုးရနှင့်ကေအိုင်အေတို့ကြား ပြီးခဲ့သည့် ဆွေးနွေးပွဲနှစ်ခုအတွင်း စစ်ရှိန်လျှော့ချရန်၊ ရှေ့တန်းပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Mointaring Committe)များ ဖွဲ့စည်းသွားကြရန် သဘောတူညီခဲ့ကြသည်။ သို့သော် လက်တွေ့အကောင်အထည်ဖော်နိုင်မှုမရှိသေးပေ။

သိန်းနှင့်ချီသည့် စစ်ရှောင်ဒုက္ခသည်များအပါအ၀င် ပြည်သူအားလုံးအတွက် စာရွက်အပေါ်မှ နှစ်ဖက်သဘောတူညီချက်များကို အမှန်တကယ်လိုက်နာပြီး လက်တွေ့အကောင်အထည်ဖော်သင့်ကြောင်း ကချင်စစ်ပွဲငြိမ်းချမ်းရေးအတွက် ပါဝင်ဆောင်ရွက်နေသူများက အကြံပြုပြောဆိုပါသည်။

“နှစ်ဖက်သဘောတူတဲ့အချက်တွေကို အပြင်မှာ လက်တွေ့အကောင်အထည်ဖော်ဖို့က အရေးကြီးပါတယ်”ဟု ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့ (PCU)မှ ဦးအင်ရှန်ဆန်အောင်ကပြောသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U