Related Posts Plugin for WordPress, Blogger...

Sunday, December 1, 2013

အမေရိကန်ဒေါ်လာဈေး ရက်ပိုင်းအတွင်း ရုတ်တရက် မြင့်တက်

လအနည်းငယ်အကြာ တည်ငြိမ်နေခဲ့သည့် အမေရိကန်ဒေါ်လာ လဲလှယ် နှုန်းထားများမှာ ငွေလဲ ကောင်တာများနှင့် ပြင်ပဈေးကွက်တွင် ရက်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် ၁၀ ကျပ်ခန့် ရုတ်တရက် မြင့်တက် လာကြောင်း ငွေကြေးဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။

အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ တရားဝင် ငွေလဲကောင်တာ များတွင် အောက်တိုဘာလဆန်း ပိုင်းမှ စတင်၍ ဝယ်ဈေး ၉၆၉ ကျပ်၊ ရောင်းဈေး ၉၇၆ ကျပ် ဝန်းကျင်တွင် ရှိနေရာမှ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဝယ်ဈေး ၉၇၉ ကျပ်မှ ရောင်းဈေး ၉၈၉ ကျပ်အထိ မြင့်တက်သွားကြောင်း ငွေလဲကောင်တာ လဲလှယ် နှုန်းထားများအရ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နိုဝင်ဘာလ ၂၁ ရက်နေ့ တစ်ဒေါ်လာ သတ်မှတ်နှုန်းထားမှာ ၉၇၃ ကျပ်သာ ဖြစ်သော်လည်း နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ ၉၈၃ ကျပ်ဟု ပြောင်းလဲ သတ်မှတ်ထားကြောင်း ဗဟိုဘဏ်က ကြေညာသည်။

တရားဝင် ငွေလဲကောင်တာများ သာမက ပြင်ပဈေးကွက်တွင်ပါ ဒေါ်လာဈေး အပြောင်းအလဲ ရှိပြီး ရက်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် ၄ ကျပ်ဝန်းကျင် မြင့်တက်ခဲ့ကြောင်း ပြင်ပ ငွေကြေးဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

ပြင်ပဈေးကွက်တွင် နိုဝင်ဘာလ ၂၈ ရက်နေ့က ဝယ်ဈေး တစ်ဒေါ်လာလျှင် ၉၇၀ ကျပ်၊ ရောင်းဈေး ၉၇၆ ကျပ်သာ ရှိရာမှ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဝယ်ဈေး ၉၇၄ ကျပ်၊ ရောင်းဈေး ၉၈၀ ကျပ်ဝန်းကျင် ပေါက်ဈေး ရှိကြောင်း ယင်းဈေးကွက် အတွင်းမှ သိရသည်။

ဒေါ်လာလဲနှုန်း တက်သော်လည်း ပြည်ပမှ တင်သွင်းရသော စက်သုံးဆီ ဈေးနှုန်းများမှာမူ အပြောင်းအလဲ မရှိသေးကြောင်း ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U