Related Posts Plugin for WordPress, Blogger...

Tuesday, December 24, 2013

ဒီဇင်ဘာ နောက်ဆုံးပတ် နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းတွင် အမေရိကန်ဒေါ်လာ တက်ရိပ်ပြလာပြီး သိမ်ဖြူငွေလဲကောင်တာ၌ တစ်ဒေါ်လာ ကျပ် ၉၉၀ အထိရှိလာ



ပြည်တွင်းပုဂ္ဂလိကဘဏ် တစ်ခုရှိ ငွေလဲကောင်တာ တစ်ခုကို တွေ့ရစဉ်

ဒီဇင်ဘာ နောက်ဆုံးပတ်မှ စတင်၍ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းတွင် အမေရိကန်ဒေါ်လာ တန်ဖိုးမှာ တက်ရိပ်ပြလာပြီး သိမ်ဖြူငွေလဲကောင်တာတွင် တစ်ဒေါ်လာလျှင် ကျပ် ၉၉၀ ၀န်းကျင်အထိ မြင့်တက်လာကြောင်း ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိထားသော နိုင်ငံခြားငွေကြေး လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိက ဘဏ်များနှင့် ပြင်ပဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။

ဒီဇင်ဘာလ ၂၄ ရက် သိမ်ဖြူငွေလဲကောင်တာတွင် အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၉၀ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၉၈၂ ကျပ်ဝန်းကျင်၌ ရှိနေပြီး ပြင်ပငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၈၉ ကျပ်၊ ၀ယ်ဈေး ၉၈၈ ကျပ်ဝန်းကျင်တွင် တည်ရှိနေသည်။

ဒီဇင်ဘာ တတိယပတ်အထိ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းတွင် အမေရိကန်ဒေါ်လာ တန်ဖိုးသည် သိမ်ဖြူငွေလဲကောင်တာ၌ ရောင်းဈေး ၉၈၇ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၉၇၉ ကျပ်ဝန်းကျင်၌ ရှိခဲ့ခြင်းဖြစ်သည်။ ပြင်ပငွေလဲနှုန်းတွင် အမေရိကန်တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ၉၈၄ ကျပ်၊ ၀ယ်ဈေး ၉၈၂ ကျပ်ဝန်းကျင်၌ တည်ရှိခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်မှစ၍ ရောင်းဈေး ၉၈၇ ကျပ်၊ ၀ယ်ဈေး ၉၈၅ ကျပ်ဝန်းကျင်သို့ စတင်မြင့်တက် လာခဲ့သည်။

ယခုဖြစ်ပေါ်နေသော ငွေလဲလှယ်မှုနှုန်းသည် ဇူလိုင် ၈ ရက်တွင် ပြင်ပဈေးကွက်၌ အမေရိကန် တစ်ဒ်ါလာ ၁၀၀၄ ကျပ်အထိ မြင့်တက်လာပြီး နောက်သုံးလကျော်အတွင်း အမြင့်ဆုံးငွေလဲနှုန်း ဖြစ်ခဲ့ပြီး ဇွန်လ ၂၁ ရက်နှင့် နိုဝင်ဘာ ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သော ပြင်ပငွေလဲလှယ်မှုနှုန်း ရောင်းဈေး ၉၉၀ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၉၈၈ ကျပ်ဝန်းကျင်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲနှုန်းစနစ် စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၈၁၅ ကျပ်ပေါက်ဈေးသာ ရှိရာမှ ယခု ၁၉ လအကြာ ကာလအတွင်း တစ်ဒေါ်လာလျှင် ၁၇၅ ကျပ်ကျော်အထိ ဈေးနှုန်းဆက်လက်မြင့်တက်လျက် ရှိသည်။

တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို အခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း ဆောင်ရွက်နေခြင်းဖြစ်သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U