Related Posts Plugin for WordPress, Blogger...

Tuesday, December 24, 2013

လူမှုဖူလုံရေး ဥပဒေသစ်အရ ကျန်းမာရေးအာမခံထားဝန်ထမ်းများ ဆေးကုသစရိတ် တိုးမည်



ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားအချို့ကို တွေ့ရစဉ်

လူမှုဖူလုံရေးဥပဒေသစ်အရ ကျန်းမာရေး၊လူမှုရေးအာမခံစနစ် ထားရှိသော ၀န်ထမ်းများအတွက် ဆေးကုသခွင့်စရိတ်နှင့် ခွင့်ရက်သက်တမ်းခံစားခွင့်များ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့မှ သိရသည်။

ကျန်းမာရေးအာမခံစနစ်သစ်တွင် သက်ပြည့်ပင်စင်၊ ကျန်ရစ်သူ ပင်စင်ခံစားခွင့်၊ မွေးကင်းစကလေးငယ်၏ ကျန်းမာရေးဆေးကုသခခွင့်နှင့် မွေးဖွားစရိတ်နှင့် ကိုယ်ဝန်ဆောင်နားရက်ခွင့်တို့ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

"အရင်က အာမခံထားရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကလေးကို ကလေးမွေးပြီး ခြောက်လအထိ ဆေးကုသခွင့်ပေးတယ်။ အခုဥပဒေသစ်မှာဆိုရင် တစ်နှစ်အထိတိုးပေးထားတယ်။ ကလေးအတွက် တစ်နှစ်ဆေးကုသခွင့်ရရှိမယ်။
အာမခံထားရှိထားသူရဲ့ ဇနီးကိုယ်ဝန်ဆောင်ရင်လည်း အဲ့ဒီလူကို ကလေးပြုစုစောင့်ရှောက်ခွင့် ၁၅ ရက်နှင့် လစာခံစားခွင့်ကို မွေးဖွားနှုန်းပေါ်မှုတည် ပြီး စရိတ်ရမယ်" ဟု ဦးယုလွင်အောင်က ပြောကြားသည်။

လူမှုဖူလုံရေးအာမခံထားရှိသော အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု အာမခံအတွက် လူမှုဖူလုံရေးဆေးကုသမှု စံနှုန်းစနစ်များသတ်မှတ်ရန်နှင့် လူမှုဖူလုံရေးဆေးရုံများကို နိုင်ငံတကာအဆင့်မြှင့်တင်ရန် ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ ကိုရီးယားနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

"အရင်က အာမခံစနစ်မှာပါတဲ့ အထွေထွေ အာမခံစနစ်ဆိုတာကို အခုဥပဒေသစ်မှာ ကျန်းမာရေး၊ လူမှုရေးအာမခံစနစ်လို့ ပြောင်းခေါ်ပြီး သက်ကြီးပင်စင်နဲ့ ကျန်ရစ်သူပင်စင်၊ မွေးကင်းစကလေးအတွက်ဆိုပြီး နှစ်မျိုးပါလာတယ်။ အာမခံထားရှိထားတာ နှစ် ၃၀ ပြည့်တဲ့ ဘယ်ဌာနက၀န်ထမ်းမဆို သက်ပြည့်ပင်စင် ကျန်းမာရေးအာမခံ ဆေးကုသခွင့်ရရှိမယ်"ဟု လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောကြားသည်။

လူမှုဖူလုံရေးအာမခံထားရှိသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ယခင်က မီးဖွားခွင့်ခြောက်လ သတ်မှတ်ထားသော်လည်း ဥပဒေသစ်တွင် တစ်နှစ်အထိ တိုးမြှင့်သတ်မှတ်ပြီး အာမခံထားရှိသူ၏ ဇနီးကိုယ်ဝန်ဆောင်ပါက ၎င်းအား ကလေးစောင့်ရှောက်ခွင့် ၁၅ ရက်နှင့် ယင်းကာလအတွင်း ဇနီးသည်မွေးဖွားမှုနှင့် သက်ဆိုင်သော ငွေကြေးအကျိုးခံစားခွင့်များကိုပါ ရရှိမည်ဖြစ်ကြောင်း သိရသည်။

အထက်ပါ ကျန်းမာရေးခံစားခွင့်များသည် ၂၀၁၄ ခုနှစ် ဧပြီ ဥပဒေ စတင်ကျင့်သုံးသည့်အချိန်မှ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအသုံးပြုနေသည့် ၁၉၅၄ ခုနှစ် ဥပဒေအရ အထွေထွေအာမခံစနစ်တွင် လုပ်သက်ပြည့်အငြိမ်းစားယူသည့် ၀န်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီးနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ခံစားခွင့်မရရှိသော်လည်း ယခုပြင်ဆင်သည့် ၂၀၁၂ ခုနှစ် ဥပဒေသစ်တွင် ယင်းခံစားခွင့်များ ရရှိလာမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယုလွင်အောင်၏ ပြောကြားချက်အရ သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U