Related Posts Plugin for WordPress, Blogger...

Tuesday, December 24, 2013

ဘင်္ဂလားဒေ့ရှ် အထည်ချုပ် အလုပ်သမားများအတွက် လျော်ကြေးရန်ပုံငွေ ဒေါ်လာသန်း ၄၀ မတည်ရန် သဘောတူညီချက် ရရှိ



ဧပြီ ၂၅ ရက်က ပြိုကျခဲ့သော ရှစ်ထပ်အဆောက်အအုံ ရာနာပလာဇာ၌ ကယ်ဆယ်ရေး ပြုလုပ်နေသူများ (Photo:AFP)

ဘင်္ဂလားဒေ့ရှ်တွင် လူ ၁၁၃၅ ဦး သေဆုံးခဲ့သော ရာနာပလာဇာ ပြိုကျမှု၌ သေဆုံးထိခိုက် ခဲ့သူများအတွက် လျော်ကြေးရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ မတည်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ လက်လီလုပ်ငန်းလေးခုနှင့် အထည်ချုပ်လုပ်ငန်းများ၊ အလုပ်သမား အဖွဲ့အစည်းများအကြား သဘောတူညီချက် ရရှိခဲ့သည်ဟု တာဝန်ရှိသူများက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဧပြီလတွင် ရာနာပလာဇာ အထည်ချုပ်စက်ရုံ ပြိုကျမှု၌ သေဆုံးခဲ့သူများ၊ ထိခိုက်ဒဏ်ရာ ရခဲ့သူများ၊ ၎င်းတို့အပေါ် မှီခိုနေရသူများအတွက် လျော်ကြေးရန်ပုံငွေ ထူထောင်ခဲ့ခြင်း ဖြစ်သည်ဟု ပြီးခဲ့သော သီတင်းပတ်တွင် ရရှိခဲ့သည့် ယင်းသဘောတူညီချက်အတွက် ညှိနှိုင်းပေးခဲ့သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) မှ လီဂျိုဆစ်ဘယ်က ပြောကြားခဲ့သည်။ ယင်းရန်ပုံငွေအတွက် အပြည်ပြည်ဆိုင်ရာ ကုန်အမှတ်တံဆိပ် လုပ်ငန်းများနှင့် လက်လီလုပ်ငန်းများက ဆန္ဒအလျောက် ထည့်ဝင်နိုင်သကဲ့သို့ အခြားအလှူရှင်များကလည်း ထည့်ဝင်နိုင်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ရန်ပုံငွေအတွက် စပိန်မှ El Corte Ingles၊ ကနေဒါမှ Loblaw၊ ဗြိတိန်မှ Bon Marche လုပ်ငန်းတို့က ထည့်ဝင်မည်ဟု သိရသော်လည်း မည်မျှထည့်ဝင်မည်ကိုမူ မသိရသေးပေ။ ဘင်္ဂလားဒေ့ရှ် အစိုးရကမူ ယင်းမတော်တဆမှု ဖြစ်စဉ်တွင် ခံစားခဲ့ရသူ ၇၇၇ ဦးအတွက် လျော်ကြေးအမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်း ပေးလျော်ပြီးဖြစ်သဖြင့် ရန်ပုံငွေသစ်တွင် ထည့်ဝင်မည်မဟုတ်ဟု ဆိုသည်။

ဂျီနီဗာတွင် စက်တင်ဘာလ၌ အထည်ကုမ္ပဏီများနှင့် အလုပ်သမား အဖွဲ့အစည်းတို့အကြား လျော်ကြေးရန်ပုံငွေအတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြသော်လည်း သဘောတူညီချက် မရခဲ့ဘဲ ယခုမှ သဘောတူညီချက် ရခဲ့ခြင်းဖြစ်သည်။

အထည်ချုပ်စက်ရုံ ၄၅၀၀ ခန့်ရှိသော ကမ္ဘာ့ဒုတိယ အကြီးဆုံး အထည်တင်ပို့မှု လုပ်ငန်းဖြစ်သည့် ဘင်္ဂလားဒေ့ရှ်တွင် မြို့တော်ဒါကာ အပြင်ဘက်ရှိ အထပ်ကိုးထပ်ရှိ အထည်ချုပ်စက်ရုံ ပြိုကျခဲ့ရာ လုပ်ငန်းခွင် အခြေအနေ ဆိုးရွားမှုနှင့် အလုပ်သမား အခွင့်အရေး မရှိမှုတို့အပေါ် မီးမောင်းထိုးပြခဲ့သည်။ ပြိုကျခဲ့သော ရာနာပလာဇာရှိ စက်ရုံငါးခုတွင် အထည်အမှတ်တံဆိပ် အနည်းဆုံး ၂၉ ခုအတွက် ချုပ်လုပ်နေသည်ဟု သိရသည်။ ကမ္ဘာပေါ်တွင် ယင်းအဆိုးရွားဆုံး လုပ်ငန်းမတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် ဥရောပနှင့် အမေရိကန် လက်လီလုပ်ငန်း ၁၀၀ ကျော်က အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးကင်းစေရေး တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်မည်ဟု ကတိပြုခဲ့သော်လည်း လျော်ကြေးကိစ္စအတွက် သဘောတူညီချက် မရရှိခဲ့ပေ။ ယင်းဖြစ်ရပ်အပြီး အင်ဂလို-အိုင်းရစ် လက်လီလုပ်ငန်း Primark နှင့် ဘင်္ဂလားဒေ့ရှ် အစိုးရက သေဆုံးထိခိုက်ခဲ့သူ မိသားစုများကို ကာလတိုလျော်ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ယခုလျော်ကြေး ရန်ပုံငွေကိုလည်း Primark က ထည့်ဝင်မည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ IndustriALL မှ အထွေထွေ အတွင်းရေးမှူး ရွိုင်ရာမက်ရှ်က ပြောကြားခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U