Related Posts Plugin for WordPress, Blogger...

Monday, January 20, 2014

လမ်းကြုံလိုက်သောယာဉ်ပေါ်မှ သိန်းတစ်ရာကျော် ခိုးယူခဲ့သူ မိန်းမလျာနှစ်ဦးကို ဖမ်းမိ





ရန်ကုန်-ညောင်တုန်းလမ်း ထန်းတပင်မြို့နယ် စန္ဒယော်ကျေးရွာကွေ့၌ မိန်းမလျာသုံးဦး ပူးပေါင်းကာ လမ်းကြုံလိုက်သော ကုန်တင်ယာဉ်ပေါ်မှ ကျပ်သိန်း ၁၀၀ ကျော် ခိုးယူမှုနှင့် ပတ်သက်၍ မိန်းမလျာနှစ်ဦးကို ဇန်နဝါရီလ ၁၀ ရက်နေ့က လှိုင်သာယာမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်ရှိ နေအိမ်များတွင် ဖမ်းမိခဲ့ပြီး ကျန်တစ်ဦးမှာ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

၂၀၁၃ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့ ည ၈ နာရီခန့်က ဘုရင့်နောင်ပွဲရုံမှ ကုန်စည်များ ပို့ဆောင်ခဲ့ပြီး ဓနုဖြူမြို့နယ်ရှိ ပွဲရုံသို့ ပြန်လာစဉ် လမ်းကြုံလိုက်လိုကြောင်း မိန်းမလျာနှစ်ဦးက အကူအညီ တောင်းခံသဖြင့် ယာဉ်ပေါ် တင်ဆောင်ခဲ့ကြောင်း၊ ယာဉ်ပေါ်လိုက်လာသူ နှစ်ဦးအနက် တစ်ဦးက ကုန်တင်ယာဉ် နောက်ခန်း ထိုင်ခုံတွင် ငွေကျပ် ၇၂၉ သိန်းကျော် ထည့်ထားသော ပီနံအိတ် နှစ်လုံးကိုခွဲကာ ငွေကျပ် ၁၀၇ သိန်းကို ခိုးယူသွားကြောင်း ထန်းတပင်မြို့နယ် တက်သစ် နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“အခုဖမ်းမိတဲ့ နှစ်ဦးက လှိုင်သာယာက သမကုန်းအဝိုင်းနားမှာ အဝေးပြေး ကုန်တင်ကားတွေ နောက်လိုက်ပြီး ပြည့်တန်ဆာ အလုပ် လုပ်နေတဲ့သူတွေ။ သူတို့က အဖွဲ့နဲ့ လှုပ်ရှားကြတာ။ ပြည့်တန်ဆာလုပ်ရင်း လစ်ရင်လစ်သလို ပစ္စည်းပါခိုးတာ။ အဲဒီညက ပွဲရုံကားပေါ် ပါသွားတဲ့အချိန် အသင့်ပါလာတဲ့ ဓားမြှောင်နဲ့ ပီနံအိတ်ကို ခွဲကြည့်တော့ အထဲမှာ ငွေတွေတွေ့တာနဲ့ ခိုးယူခဲ့တာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ဖမ်းဆီးရမိသော မိန်းမလျာ နှစ်ဦးမှာ လှိုင်သာယာမြို့နယ် (၁၄) ရပ်ကွက်တွင် နေထိုင်သူ ယွန်းငယ် (ခ) အောင်စိုးနှင့် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်တွင် နေထိုင်သူ ရတနာပုံ (ခ) ကျော်မိုးနိုင်တို့ နှစ်ဦးဖြစ်ပြီး ခိုးမှု ကျူးလွန်ခဲ့သောညက မနှဲလေး (ခ) နန်းဝေဦးနှင့်အတူ ထန်းတပင်မြို့နယ် စန္ဒယော်ကျေးရွာ အနီးတွင် ပြည့်တန်ဆာကိစ္စ လုပ်ကိုင်ရန် အဝေးပြေး ကုန်တင်ယာဉ်များကို စောင့်ဆိုင်းနေခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သည်။

ယင်းသို့ စောင့်ဆိုင်းနေစဉ် အဆိုပါ ပွဲရုံပိုင် ကုန်တင်ယာဉ်ကို တွေ့ရှိရာမှ မယွန်းငယ် (ခ) အောင်စိုးက ယာဉ်ဦးခေါင်း ရှေ့ခန်းနှင့် မနှဲလေး (ခ) နန်းဝေဦးက ယာဉ်ဦးခေါင်းရှိ နောက်တန်းထိုင်ခုံတွင် လိုက်ပါခဲ့ပြီး မရတနာပုံ (ခ) ကျော်မိုးနိုင်က ဆိုင်ကယ်ဖြင့် ကုန်တင်ယာဉ်နောက်မှ လိုက်ပါလာခဲ့ကြောင်း၊ ယာဉ်နောက်ခန်းမှ လိုက်ပါခဲ့သူ မနှဲလေး (ခ) နန်းဝေဦးက ယာဉ်ပေါ်မှာ ပိုက်ဆံများ ခိုးယူခဲ့ပြီးနောက် ထန်းတပင်မြို့နယ် ပန်းတိုင်ကျေးရွာ အလွန်တွင် ယာဉ်ပေါ်မှဆင်းကာ လိုက်ပါလာခဲ့သော ရတနာပုံ (ခ) ကျော်မိုးနိုင်၏ ဆိုင်ကယ်ဖြင့် လှိုင်သာယာမြို့နယ်သို့ ပြန်ခဲ့ကြောင်း ဖမ်းမိထားသူများ၏ စစ်ဆေး ပေါ်ပေါက်ချက်များကို ကိုးကား၍ ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သည်။

ယင်းနောက် လှိုင်သာယာတွင်နေသူ ယွန်းငယ် (ခ) အောင်စိုး၏ အိမ်သို့ ပြန်လာပြီးနောက် ခိုးယူလာသော ငွေများကို သုံးဦးခွဲဝေ ယူဆောင်ခဲ့ကြောင်း၊ လတ်တလောတွင် ၎င်းတို့ထံမှ ငွေသားအချို့နှင့် ဝယ်ယူသုံးစွဲထားသော အဝတ်အထည်၊ လျှပ်စစ်ပစ္စည်းအချို့ကို သိမ်းဆည်းထားကြောင်း တက်သစ် နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ သိန်း ၁၀၀ ကျော် ခိုးယူမှုနှင့် ပတ်သက်၍ စက်တင်ဘာလ ၁ ရက်နေ့က တက်သစ် နယ်မြေရဲစခန်းမှ (ပ) ၈၅/၁၃၊ ပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိရာမှ ယွန်းငယ် (ခ) အောင်စိုးနှင့် ရတနာပုံ (ခ) ကျော်မိုးနိုင်တို့ နှစ်ဦးကို ဇန်နဝါရီလ ၁၀ ရက်နေ့က ဖမ်းမိခဲ့ပြီး မနှဲလေး (ခ) နန်းဝေဦးကို ရှာဖွေစုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U