Related Posts Plugin for WordPress, Blogger...

Monday, January 20, 2014

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၉ ဘီလျံကျော်အထိရှိလာပြီး ယခင်နှစ်ထက် ငါးဘီလျံကျော် ပိုမိုရရှိနေ





ပင်လယ်ရေကြောင်း ကုန်သွယ်မှုဆောင်ရွက်နေသည့် ဗိုလ်အောင်ကျော်ဆိပ်ကမ်းကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)


၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက် မှ ဇန်န၀ါရီ ၁၀ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉ ဘီလျံကျော်ရှိလာပြီး ယခင်ဘဏ္ဍာရေးနှစ် ကာလတူတင်ပို့မှုထက် အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဇန်န၀ါရီ ၁၀ ရက်အထိ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉၃၂၉ ဒသမ ၅၄၂ သန်းရရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ် ၂၀၁၂-၂၀၁၃ ဧပြီ ၁ ရက်မှ ဇန်န၀ါရီ ၁၀ ရက်အထိ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၀၅၀ ဒသမ ၂၂၁ သန်းသာ ရှိခဲ့သောကြောင့် ယခုနှစ်ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၅၂၇၉ ဒသမ ၃၂၁ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သည့် ဆန်၊ ပြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ကုန်၊ ကျွန်းသစ်၊ သစ်မာ၊ သတ္တုရိုင်း၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ ချုပ်ပြီးအထည်များကို ပြည်ပသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နို့နှင့်နို့ထွက်ပစ္စည်း၊ စားအုန်းဆီ၊ ဆေးဝါးများ၊ ဘိလပ်မြေ၊ လုပ်ငန်းသုံးဓာတုပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စက်ပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ စက္ကူများ၊ ပလတ်စတစ်ထုတ်ကုန်များ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းသုံးပစ္စည်းများကို တရုတ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ အမေရိကန်နိုင်ငံများမှ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော်ရရှိရန် လျာထားပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှုပြုနိုင်ရန် လျာထားကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် နှစ်လကျော်သာလိုတော့သည့်အချိန်တွင် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉၂၉၀ ဒသမ ၈၅၉ သန်းသာရှိနေပြီး လျာထားချက်ပြည့်မီရန် အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် လိုနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန်အနည်းငယ်အပေါ်၌သာ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန်စသည်များဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးအတွက် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို ရေးဆွဲနေပြီး ဦးစားပေးအကောင်အထည်ဖော်မည့် ကုန်စည်များ၊ ယင်းဦးစားပေး အကောင်အထည်ဖော်မည့် ကဏ္ဍများ၊ အထောက်အကူပြုမည့်ကဏ္ဍများကို သတ်မှတ်ပြီးဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှုအများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများတွင် ပါဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U