Related Posts Plugin for WordPress, Blogger...

Monday, January 20, 2014

နှစ်ပတ်အတွင်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီရင်ခံစာတွင် အခန်းအလိုက် ပြင်ဆင်သင့်သည့်ပုဒ်မများကို မည်သည့်အတွက်ကြောင့် ပြင်ဆင်သင့်သည်ဆိုသည့် ကျိုးကြောင်းဖော်ပြချက်များ ပါဝင်မည်




ဇန်န၀ါရီ ၁၅ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီအစည်းအဝေး


နှစ်ပတ်အတွင်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီရင်ခံစာတွင် အခန်းအလိုက်ပြင်ဆင်သင့်သည့် ပုဒ်မများကို မည်သည့်အတွက်ကြောင့် ပြင်ဆင်သင့်သည်ဆိုသည့် ကျိုးကြောင်းဖော်ပြချက်များပါဝင်မည်ဟု ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးဆိုင်ရာ ပူးပေါင်းကော်မတီ အတွင်းရေးမှူးဦးအေးမောက်က ပြောကြားသည်။

"အန်ကယ်တို့အကြမ်းဖျင်း ဆုံးဖြတ်ထားတာကတော့ ပြည်သူတွေထံက ရောက်ရှိလာတဲ့ အကြံပြုချက်တွေမှာ တချို့က တူတဲ့အကြံပြုချက်တွေရှိတယ်။ အကြံပြုချက် သုံးသိန်းကျော်မှာ တချို့ကဒီအဓိပ္ပာယ်ပဲ။ ဒါတွေကို အန်ကယ်တို့ စုစည်းနေတယ်။ ကော်မတီမှာပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အခန်းလိုက်တာဝန်ခွဲပြီး လေ့လာနေတယ်။ တူတာတွေစုစည်းမယ်။ အဲဒီအထဲမှာ တူတာတွေမှာ အခန်းအလိုက်၊ ပုဒ်မအလိုက် ဘယ်ပုဒ်မတွေကတော့ ပြင်ဆင်သင့်တယ်။ ဘယ်ပုဒ်မကတော့ ပယ်ဖျက်သင့်တယ်။ ဘယ်ပုဒ်မက ဖြည့်စွက်သင့်တယ်။ တချို့ကျတော့ စဉ်းစားသင့်တယ်လို့လာတယ်။ ဘာတွေစဉ်းစားမလဲ။ ဘယ်လိုစဉ်းစားမလဲ။ ကျိုးကြောင်းဖော်ပြချက်လေးတွေပါမယ်။ ဒီဟာတွေအပေါ်မူတည်ပြီး အန်ကယ်တို့က တစ်ခန်းချင်းသွားမယ်။ ဥပမာ အခန်း ၄ ပုဒ်မ ၇၅ ကို အကြံပြုတဲ့သူတွေက ပြင်ဆင်ဖို့ ဘယ်နှဦးရှိပါတယ်။ ဖြည့်စွက်ဖို့က ဘာတွေရှိပါတယ်။ ပယ်ဖျက်မယ်ဆိုရင် ပယ်ဖျက်ဖို့က ဘာတွေရှိပါတယ်။ အဲဒီလို ပုဒ်မတစ်ခုချင်းအလိုက် အကြံပြုတဲ့သူအလိုက်သွားမယ်။ အခန်းလိုက်စုပေါင်းပြီး ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာအဖြစ် ဆက်တင်ပြပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဖို့ဆိုတာ ဥပဒေကြမ်းအဖြစ်တင်မှ ပြင်လို့ရတာ။ ဒီဥပဒေကြမ်းတင်ဖို့ ဒီကော်မတီအဖွဲ့က ပြင်ဆင်ပေးတဲ့သဘောပဲ"ဟု ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးဆိုင်ရာ ပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။

ကော်မတီကို အဖွဲ့ငါးဖွဲ့ခွဲ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအား လေ့လာထားမှုအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြောင်း၊ ပြည်သူများထံမှ ရောက်ရှိလာသည့် အကြံပြုချက်များတွင် တူသည့်အချက်များရှိကြောင်း၊ အကြံပြုစာ သုံးသိန်းကျော်တွင် တူသည်များရှိကြောင်း၊ အဓိပ္ပာယ်တူသည်များရှိကြောင်း၊ ထို့ကြောင့် ကော်မတီအဖွဲ့အလိုက် တာဝန်ကျသူများက တူသည်များကိုစုကာ အစီရင်ခံစာတင်သွင်းရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်းအလိုက် ပုဒ်မအလိုက် မည်သည့်အချက်များကို ပယ်ဖျက်သင့်သည် မည်သည့်အချက်များကို ပြင်ဆင်သင့်သည် စသည့်အကြံပြုချက်များ၊ အခန်းအလိုက်ပယ်ဖျက်ရန် အကြံပြုသူ မည်မျှရှိသည်၊ ပြင်ဆင်ရန် အကြံပြုသူမည်မျှရှိသည် စသည်ဖြင့် အစီရင်ခံစာတင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

ကော်မတီ၏ အစီရင်ခံစာကို ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ တင်သွင်းမည်ဖြစ်ပြီး ကော်မတီသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တပ်မတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် NGO များထံမှ အကြံပြုချက်များအသီးသီး ရောက်ရှိနေကြောင်း သိရသည်။

ရရှိခဲ့သည့် အကြံပြုချက်စောင်ရေ ၂၈၂၄၇ အား အခန်းလိုက်အကြံပြုချက်အဖြစ် ပြန်လည်စိစစ်သုံးသပ်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း ၁ ပါ နိုင်ငံတော်၏ အခြေခံမူများကိုပြင်ဆင်ရန် အကြံပြုချက်သည် အများဆုံးဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U