Related Posts Plugin for WordPress, Blogger...

Wednesday, January 8, 2014

အမေရိကန်ပြည်ထောင်စုတွင် ၁၀ စုနှစ် နှစ်ခုအတွင်း အပူချိန်ကျဆင်းမှု စံချိန်တင်


ဇန်န၀ါရီ ၆ ရက်က မီချီဂန်ပြည်နယ် ဒက်ထရွိုက်မြို့တွင် ဆီးနှင်းများ ကျဆင်းနေသည့်အကြား လူတစ်ဦး လမ်းရှာ၍ ခရီးသွားနေစဉ်


ဇန်န၀ါရီ ၇ ရက် အစောပိုင်းတွင် ၁၀ စုနှစ် နှစ်ခုအတွင်း တွေ့ကြုံခဲ့ရဖူးခြင်း မရှိသည့် အရိုးထဲထိ ခိုက်ခိုက်တုန်စေသော အအေးဓာတ်သည် အမေရိကန်ပြည်ထောင်စု တစ်ဝန်းကို လွှမ်းခြုံသွားခဲ့ရာ လေကြောင်းခရီးစဉ်များနှင့် ကျောင်းများကို ပိတ်ထားရပြီး လူများကို အိမ်အတွင်း၌သာ နေထိုင်ရန် ပန်ကြားထားရကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း ပြည်နယ်များ၌ပင် အအေးဓာတ်သည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး နှင်းခဲများ ရင်ဘတ်ထိ မြင့်တက်နေသည်။ အမေရိကန်အမျိုးသား မိုးလေ၀သဌာနက အလွန်အကျွံ အေးခဲမှုသည် အရှေ့ဘက်သို့ ရွေ့လျားလာလိမ့်မည်ဟု ဆိုသည်။

နှစ်သစ်ကူး အားလပ်ရက် ခရီးစဉ်များမှနေ၍ နေအိမ်များသို့ပြန်ရန် ကြိုးပမ်းနေကြသည့် ခရီးသည် အမြောက်အမြားအတွက် လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းသွားခြင်းက အိပ်မက်ဆိုးတစ်ရပ် ဖြစ်လာသည်။ ဇန်န၀ါရီ ၆ ရက်တွင် အမေရိကန်ပြည်ထောင်စုရှိ လေကြောင်းခရီးစဉ်ပေါင်း ၄၃၀၀ ကျော်ကို ရပ်ဆိုင်းလိုက်ရာတွင် ထက်ဝက်ခန့်မှာ ချီကာဂိုမြို့မှ လေကြောင်းခရီးစဉ်များဖြစ်သည်။ လေကြောင်းခရီးစဉ် ၆၅၀၀ ကျော်မှာလည်း ကြန့်ကြာသွားခဲ့သည်။

အေးခဲနေသော ရာသီဥတုကြောင့် လူပေါင်း ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း သတင်းရရှိသည်။ ‘၀င်ရိုးစွန်းဝဲဂယက်’ ဟုခေါ်သော ရာသီဥတု ပြောင်းလဲမှုပုံစံက အပူချိန်ကို ၁၀ စုနှစ် နှစ်ခုအတွင်း မကြုံဖူးသေးသည့် အမှတ်သို့ ထိုးကျသွားစေခဲ့သည်ဟု ဆိုသည်။ အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်း နေရာအနှံ့အပြားတွင် ရာသီဥတုက အေးလွန်းသည့်အပြင် လေပြင်းများနှင့်ပါ ကြုံကြိုက်ရသည်ဟုဆိုသည်။

ကမ်မာတောင်းနှင့် မွန်တာနာမြို့များတွင် အပူချိန်သည် အနုတ် ၆၃ ဒီဂရီဖာရင်ဟိုက် (အနုတ် ၅၃ စင်တီဂရိတ်) ရှိပြီး မြောက်ဒါကိုတာ၊ တောင်ဒါကိုတာနှင့် မင်နက်ဆိုးတား ပြည်နယ်များတွင်လည်း အအေးဓာတ်က ယင်းထက်ပို၍ လျော့ပါးမှုမရှိဟု ဆိုသည်။ ယင်းသည် တောင်ဝင်ရိုးစွန်းထက် သိသိသာသာ အအေးဒဏ် ပိုကဲလွန်းနေသည်ဟု ဆိုသည်။ တောင်ဝင်ရိုးစွန်း၏ အပူချိန်မှာ အနုတ် ၂၉ ဒီဂရီဖာရင်ဟိုက်သာရှိသည်။ ၀ါရှင်တန်ဒီစီကဲ့သို့သော မြို့ကြီးများတွင် အလယ်အလတ်အဆင့်ရှိ ဆီးနှင်းများ ပြိုဆင်းမှုများ ဖြစ်ပွားမှုနှင့်အတူ လူအများ ကြောက်လန့်တကြားဖြစ်လျက် အိမ်တံခါးများပိတ်ကာ နေထိုင်နေရကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U