Related Posts Plugin for WordPress, Blogger...

Wednesday, January 8, 2014

ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း ရဲတပ်ဖွဲ့ဝင်များကို ဆိုင်ကယ်စီးခွင့်မပြုတော့


ရန်ကုန်မြို့အတွင်း မောင်းနှင်နေသော မော်တော်ဆိုင်ကယ် တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)


ရန်ကုန်တိုင်းဒေသကြီးရှိ စည်ပင်သာယာ နယ်နိမိတ်အတွင်း ရဲတပ်ဖွဲ့ဝင်များ ဆိုင်ကယ်စီးနင်းခွင့် လုံးဝခွင့်မပြုတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဇန်န၀ါရီ ၆ ရက် နံနက်ပိုင်းတွင် သိရသည်။

ယင်းကဲ့သို့ ထုတ်ပြန်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ စည်းကမ်းချိုးဖောက်ပြီး မော်တော်ဆိုင်ကယ် စီးနင်းမှုများကို စောင့်ကြည့်စစ်ဆေး အရေးယူနိုင်ရန် ဖမ်းဆီးရေး အဖွဲ့များကို တိုးချဲ့စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆိုင်ကယ်စီးနင်းခွင့် ပြုထားသော ဌာနဆိုင်ရာမှ တာဝန်ရှိသူများ အနေဖြင့် မိမိ၏၀န်ထမ်းများကို ကြီးကြပ်စစ်ဆေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ခေါ်ယူသတိပေး ဆွေးနွေးပြီးနောက် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့အနေဖြင့် ရဲတပ်ဖွဲ့ဝင်များ မော်တော်ဆိုင်ကယ် စီးနင်းခွင့် မပြုတော့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ဇန်န၀ါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။

“၀န်ထမ်းတွေက တခြားသူတွေထက် စည်းကမ်းပိုင်းကို ပိုပြီးလိုက်နာသင့်တယ်။ အခုဆိုင်ကယ် စီးခွင့်ပြုထားတဲ့ ဌာနဆိုင်ရာတွေရဲ့ ၀န်ထမ်းအချို့က စည်းကမ်းတွေ လိုက်နာမှု အားနည်းနေတယ်။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ စစ်ဆေးကြီးကြပ်ဖို့ လိုတယ်ဆိုတာကို ခေါ်ယူဆွေးနွေးခဲ့တယ်။ ရဲတပ်ဖွဲ့ဝင်တွေကို ဆက်ပြီးမထိန်းသိမ်းနိုင်လို့ စီးခွင့်မပြုတော့တာလို့ ထင်ပါတ” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ဆက်လက် ပြောကြားသည်။

အမှတ်(၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးလင်းထွဋ်က “ဆိုင်ကယ်စီးခွင့်ပြုထားတဲ့ ၀န်ထမ်းအချို့က စည်းကမ်းလိုက်နာမှု မရှိဘူး။ တချို့အရပ်သားတွေကလည်း ရဲလိုပုံစံ ဟန်ဆောင်ပြီးတော့ ဆိုင်ကယ်စီးနင်းတာတွေ တွေ့ရှိရတယ်။ အခု ရန်ကုန်တိုင်းထဲမှာ ရဲတပ်ဖွဲ့ဝင်တွေကို ဆိုင်ကယ်စီးခွင့် လုံးဝခွင့်မပြုတော့ဘူး။ ဒါတွေကိုလည်း ထိရောက်စွာ ကြပ်မတ်ပြီး ဖမ်းဆီးအရေးယူ သွားပါမယ်” ဟု ဆိုသည်။

ရဲလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်နိုင်ရန်အတွက် စခန်းရဲတပ်ဖွဲ့နှင့် သတင်းတပ်ဖွဲ့အချို့မှာ မော်တော်ဆိုင်ကယ် စီးနင်းပြီး လုပ်ငန်းလုပ်ဆောင်ရာ၌ မတော်တဆ တိမ်းမှောက်မှုနှင့် ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် တပ်ဖွဲ့ဝင်အချို့ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်နေမှုကြောင့် ရဲတပ်ဖွဲ့ဝင်များ ဆိုင်ကယ်စီးနင်းခွင့်ကို ရပ်ဆိုင်းရခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မော်တော်ဆိုင်ကယ် စီးခွင့်ပြုထားသည့် ဌာနများမှာ စည်ပင်၊ လျှပ်စစ်၊ သံရုံး၊ ယာဉ်ထိန်း စသည့်ဌာနများ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်တိုက်မှု ဖြစ်စဉ်များကို ၂၀၁၁ တွင် ၁၆၅၂ မှု၊ ၂၀၁၂ တွင် ၁၈၀၃မှု နှင့် ၂၀၁၃ တွင် ၂၅၃၂ မှုတို့ ဖြစ်ပွားခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U