Related Posts Plugin for WordPress, Blogger...

Saturday, January 18, 2014

မြန်မာနိုင်ငံသို့ ခရစ်ယာန်ကက်သလစ် သာသနာရောက်ရှိခြင်း နှစ် (၅၀၀) ပြည့်ပွဲတော်သို့ တက်ရောက်ရန် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နှင့် သမ္မတဦးသိန်းစိန်အား ဖိတ်ကြားမည်


ဂျူစီဆွတ်နူးရာ
ဇန်န၀ါရီ ၁၇ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံသို့ ကက်သလစ် သာသနာတော် ရောက်ရှိခြင်း နှစ်(၅၀၀)ပြည့် သတင်းစာ ရှင်းလင်းပွဲ


မြန်မာနိုင်ငံသို့ ခရစ်ယာန်ကက်သလစ် သာသနာ ရောက်ရှိခြင်း နှစ်(၅ဝဝ)ပြည့် ပွဲတော်အား လာမည့်နိုဝင်ဘာလတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲတော်သို့ တက်ရောက်ရန် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နှင့် သမ္မတဦးသိန်းစိန်အား ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၁၇ ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ကက်သလစ် ဆရာတော်ကြီးများ ရုံးချုပ်တွင် ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

မြန်မာနိုင်ငံသို့ ကက်သလစ်သာသနာ ရောက်ရှိခြင်း နှစ်(၅ဝဝ)ပြည့် အထိမ်းအမှတ် ပွဲတော်ကို ကုန်လွန်ခဲ့သော နှစ်ပေါင်း(၅ဝဝ)အတွက် ဘုရားသခင်အား ချီးမွမ်းရန်၊ ရဲရင့်ခြင်း၊ စိတ်အားထက်သန်ခြင်းတို့ဖြင့် ကျွန်ုပ်တို့ကို တည်ကြည်ခိုင်မာ စေခဲ့သော ရှေ့ဆောင် သာသနာပြုများ အားလုံးကို အသိအမှတ်ပြု ကျေးဇူးဆပ်တင်ရန်၊ လွန်ခဲ့သော နှစ်ပေါင်း(၅ဝဝ)က မြန်မာပြည် ကက်သလစ် သာသနာသမိုင်းကို လူအများ၊ အထူးသဖြင့် ကက်သလစ် ဘာသာဝင်များ ကောင်းမွန်စွာ သိရှိစေရန်၊ ကက်သလစ် ဘာသာဝင်များသည် နိုင်ငံတော် တည်ဆောက်ရာတွင် သစ္စာရှိရှိ ပါဝင်ခဲ့ကြောင်းကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ သိရှိစေရန်၊ ကက်သလစ် သာသနာတော်မျိုးစေ့နှင့် ယုံကြည်ခြင်းမှာ ဗြိသိသျှကိုလိုနီ နယ်ချဲ့မှုနှင့်အတူ မရှေးမနှောင်း ရောက်ရှိလာခြင်း မဟုတ်ဘဲ ယင်းမတိုင်မီ ရှေးမြန်မာ ဘုရင်များ လက်ထက်ကတည်းက ကက်သလစ် သာသနာပြုများသည် နိုင်ငံတော်အတွက် ကျရာကဏ္ဍမှ ပါဝင်အမှုထမ်း လာခဲ့ခြင်းဖြစ်ကြောင်း သတိပြုမိစေရန်နှင့် ပွဲတော်ကြီး၏ အကျိုးကျေးဇူးကြောင့် နိုင်ငံတော်နှင့် သာသနာတော်အတွက် မျှော်လင့်ချက်၊ ယုံကြည်ချက် အပြည့်အဝဖြင့် လုပ်ငန်းစဉ်များ ချမှတ်လုပ်ဆောင်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်း ဖြစ်ကြောင်း ကက်သလစ် သာသနာအဖွဲ့ချုပ်မှ အတွင်းရေးမှူး၊ ဘုန်းတော်ကြီး Fr.Leo Mang က ရှင်းလင်းပြောကြားသည်။

“ကက်သလစ်သာသနာ မြန်မာပြည်ကို ဝင်ရောက်ခြင်း နှစ်(၅ဝဝ)ပြည့် အထိမ်းအမှတ်အဖြစ် ဒီ ၂ဝ၁၄ ခုနှစ် တစ်နှစ်တာ ပတ်လုံးကို သတ်မှတ်ထားပြီး ဝတ်ပြုဆုတောင်းခြင်းတွေ ပြုလုပ်သွားမှာပါ။ ပိတ်ပွဲအခမ်းအနားကိုတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုဝင်ဘာ ၂၁ ရက်၊ ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ ပြုလုပ်မှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ပုပ်ရဟန်း မင်းကြီးကိုလည်း ပါဝင်တက်ရောက်ပေးဖို့ လျှောက်တင်ထားပါတယ်။ ဒါ့အပြင် သမ္မတဦးသိန်းစိန် အပါအဝင် အဖွဲ့ဝင်များ အားလုံးကိုလည်း တက်ရောက်ဖို့ ဖေဖော်ဝါရီလ အတွင်းမှာ တရားဝင် ဖိတ်ကြားသွားမှာပါ”ဟု ဘုန်းတော်ကြီး Fr.Leo Mang က ဆက်လက် ပြောကြားသည်။

ပုပ်ရဟန်းမင်းကြီးအား မြန်မာနိုင်ငံ ဂိုဏ်းချုပ်ဆရာတော်ကြီးများမှ အဆင့်ဆင့် လျှောက်ထားကာ ဖိတ်ကြားထားခြင်းဖြစ်ပြီး ပါဝင်တက်ရောက်မည် ဆိုပါက သာသနာတော် အဆင့်သာမက နိုင်ငံတော်အဆင့် အခမ်းအနားပြုလုပ်ရန် သမ္မတထံ အပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။ ပိတ်ပွဲအခမ်းအနားအား နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက် တို့တွင် ရန်ကုန်မြို့ရှိ စိန်မေရီကာသီဒြယ် ဘုရားရှိခိုးကျောင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်တွင်မူ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားကွင်း၌ တိုင်းရင်းသားရိုးရာ အကအလှများ၊ တေးသီချင်း ဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U