Related Posts Plugin for WordPress, Blogger...

Wednesday, January 1, 2014

Sex During Pregnancy



လူငယ်တွေ စာဖတ်အား တအားကျဆင်းနေတာမို့ ကျွန်တော့်ရဲ့ “ယောက်ျားသားချင်း ပွင့်ပွင့်လင်း”စာအုပ်ထဲမှာ အတိအလင်း ဖော်ပြပြီးသား အကြောင်းအရာ တစ်ခုကိုပဲ သည်ဘလော့(ဂ်)မှာ တစ်စုံတစ်ယောက်က လာမေးထားပါတယ်။ အဲတော့လည်း အဲဒီ့ စာအုပ်ထဲက စာသားတွေကိုပဲ ကူးယူ ဖော်ပြပေးရပြန်တော့တာပေါ့။
အလေးအနက် ပြောပါရစေ။ စာမဖတ်တဲ့သူဟာ သူများ ပြောသမျှ လိုက်ယုံနေရတဲ့ လူနုံလူအ ဘ၀ကို လျှောကျသက်ဆင်းသွားပါလိမ့်မယ်။ စာကို နာနာ ဖတ်နိုင်မှ လူနုံလူအ မဖြစ်မှာပါ။ ဒါ့ကြောင့် အင်တာနက်မှာ ချက်နေတာ၊ ရုပ်မြင်သံကြားကြည့်တာများနဲ့ ကိုယ့်ရဲ့ အချိန်တွေကို အလဟဿအဖြစ်မခံဘဲ စာဖတ်တော်မူကြပါလို့ တိုက်တွန်းပါရစေ။ ရှေ့ကို ရောက်နေတဲ့ နိုင်ငံများက နိုင်ငံသူ နိုင်ငံသားအများစုဟာ စာကို သည်းကြီး မည်းကြီး ဖတ်ကြသူများပါ ခင်ဗျား။

ကိုယ်ဝန်ဆောင်နေချိန်မှာ လိင်ဆက်ဆံလို့ ရ/မရ

ကိုယ်ဝန်ရှိနေသူအမျိုးသမီးဟာ ကိုယ်ဝန် လရင့်တဲ့အထိ ချစ်တင်းနှောနိုင်ပါတယ်။ ဝမ်းဗိုက်ကို မထိခိုက်အောင်တော့ ရှောင်ရမယ်ပေါ့။ လင်နဲ့မယား နှစ်ဦးနှစ်ဖက် စိတ်လက်ကြည်သာနေမယ်ဆိုရင် မွေးခါနီး ရက်ပိုင်းအလိုအထိတောင် ချစ်တင်းနှော နိုင်တယ်လို့ မှတ်သားဖူးပါတယ်။ တစ်ခုပါပဲ။ လရင့်တဲ့အခါမှာ ချစ်တင်းနှောတာ သိပ်များသွားရင် မွေးလာတဲ့ကလေးရဲ့ဦးခေါင်း ဆံပင်တွေကြားမှာ ဘောက်တွေ စွဲနေသလို အချပ်လိုက် ချပ်ခဲကြီးဖြစ် နေတတ်ပါတယ်။ အဲဒါဆိုရင် ဆေးရုံက ဆရာဝန်တွေ၊ သူနာပြုတွေက အဲဒီ့ယောကျာ်းကို နှာခေါင်းရှုံ့ချင်တတ်တာက လွဲလို့ ကျန်တဲ့ ခန္ဓာကိုယ် ကျန်းမာရေး ပြဿနာတော့ မရှိပါဘူး။ (ကွန်ဒုံး သုံးမယ် ဆိုရင် အဲဒါကိုလည်း ရှောင်နိုင်တာပေါ့ဗျာ။)
မိခင်နဲ့ဖခင်ဟာ လရင့်တဲ့အထိ ချစ်တင်းနှောနေမယ်ဆိုရင် မွေးလာတဲ့ ကလေးဟာလည်း အရွယ်ရောက်လာတဲ့အခါမှာ ကာမဂုဏ် အာရုံကို တခြားသူတွေထက် ပိုခုံမင်နေတတ်တယ်ဆိုတဲ့ အယူအဆတစ်ခုတော့ ရှိတယ်။ ဒါလည်း သိပ်တော့ အခြေအမြစ်ရှိလှတဲ့ အယူအဆ မဟုတ်ဘူး။ မျက်ရမ်းမှန်းဆ ပြောဆိုချက်သာဖြစ်ပါတယ်။
—————————————-
အိမ်ထောင်ရှင်များနှင့် သက်ဆိုင်ပါသည်။ ဒါလည်း ဘယ်သူက ဘယ်လို သွန်သင်လိုက်သည်မသိ။ ထင်ရာမြင်ရာတွေ လျှောက်ပြောတတ်ကြပါသည်။
ကိုယ်ဝန်ရှိနေချိန်တွင် ချစ်တင်းနှောခြင်းကြောင့် သန္ဓေသားကို ထိခိုက်နိုင်သည်ဆိုခြင်းမှာလည်း အလွဲကြီး လွဲနေပါသည်။ ဆေးပညာအရ ဘယ်လိုမှ မဖြစ်နိုင်သော ကိစ္စပင်ဖြစ်ပါသည်။ သို့ရာတွင် ကိုယ်ဝန်ဆောင်ရာ ဝမ်းဗိုက်ကို ထိခိုက်မိလျှင်တော့ ချစ်တင်း မနှောသော်လည်းဘဲ သန္ဓေသားကို ကောင်းစွာ ထိခိုက်စေနိုင်ပါလိမ့်မည်။ ဝမ်းဗိုက်ကို မထိမိသမျှကာလပတ်လုံး ချစ်တင်းနှောရုံမျှဖြင့်တော့ သန္ဓေသားကို မထိခိုက်နိုင်သည်ကို ပညာရှင်တိုင်း လက်ခံထားပြီး ဖြစ်ပါသည်။
သည်နေရာမှာ ကျွန်တော်က ပညာရှင်မဟုတ်သည့်အတွက် ပညာရှင်များကို ကိုးကားဖော်ပြပေးလိုပါသည်။ သားဦးမွေးရန် မျှော်လင့်လျက်ရှိကြသည့် အိမ်ထောင်ရှင် စုံတွဲပေါင်း ၄၀ဝ ပါဝင်သည့် စစ်တမ်းတစ်ရပ်အရ  ကိုယ်ဝန် သုံးလမှ ခြောက်လတာကာလအတွင်း ထို စုံတွဲများသည် ပျမ်းမျှအားဖြင့် တစ်ပတ်လျှင် သုံးကြိမ် ချစ်တင်းနှောကြသည်ဟု တွေ့ရှိရပါသည်။ ((Meyerowitz and Feldman, 1967) သို့ရာတွင် ကိုယ်ဝန် ခြောက်လမှ ကိုးလတာ ကာလအတွင်းတွင်မူ ထိုအကြိမ်ရေသည် နှစ်ပတ် တစ်ကြိမ်အထိ ထိုးကျသွားသည်ဟုလည်း အဆိုပါ လေ့လာချက်က ပြဆိုပါသည်။
ထိုသို့ဖြစ်ရခြင်းမှာ ကိုယ်ဝန်လရင့်လာသည်နှင့်အမျှ မိခင်လောင်းတွင် ကိုယ်ခန္ဓာပိုင်း အပြောင်းအလဲများဖြစ်ပေါ်လာသောကြောင့်သာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ခေါင်းကိုက် ခေါင်းမူးခြင်း၊ ဇက်ကြောတက်ခြင်း၊ စသည်များကို ခံစားရခြင်းကြောင့်လည်းကောင်း သန္ဓေသားကို ထိခိုက်မည်ဟု စိုးရိမ်မိတတ်ကြသောကြောင့်လည်းကောင်းသာ ဖြစ်ပါသည်။
သို့သော် ထိုစိုးရိမ်မှုများမှာ ယေဘုယျအားဖြင့် အခြေအမြစ်မရှိပါ။
Masters and Johnson တို့က ၁၉၆၆ ခုနှစ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ ချစ်တင်းနှောလိုစိတ်ကို အထူးပြုလေ့လာခဲ့ဖူးပါသည်။ သူတို့က ကိုယ်ဝန်ဆောင်ချိန် ကိုးလတာကို သုံးပိုင်းပိုင်းကာ လေ့လာခဲ့ကြရာ ပထမ သုံးလတာတွင် အမျိုးသမီးများ၌ ထိုစိတ် သိသိသာသာ လျော့နည်း သွားသည်ကို တွေ့ရှိခဲ့ရသည်။ သို့ရာတွင် သားဦးမဟုတ်ဘဲ ယခင်က ကလေးမွေးဖူးသူများတွင်မူ ထိုသို့ သိသိသာသာ ပြောင်းလဲသွားခြင်းမျိုး မရှိဟုလည်း ဆိုပါသည်။ ဒုတိယ သုံးလတာကာလတွင်မူ ယခင်က မွေးဖူးသူရော၊ ယခုမှ သားဦး ကိုယ်ဝန်ရသူ အမျိုးသမီးများပါ ထိုစိတ်များ သိသိသာသာ တိုးတက်လာကြောင်း တွေ့ရပြန်သည်။ နောက်ဆုံး တတိယ သုံးလပိုင်းတွင်မူ ထိုစိတ်များ ပြန်လည် ထိုးကျသွားသည်ဟုလည်း ဆိုသည်။ အကြောင်းမှာ ထိုကာလတွင် မိခင်လောင်း၌ ကိုယ်ဝန်ကြောင့် နေမထိ၊ ထိုင်မသာ ရှိနေရခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်ထားပါသည်။
(ကျမ်းကိုး - Marriage and the Family Development and Change by Stephen R Jorgensen, Macmillan Publishing Company, 1986, pp 352-353 )
စိတ်ပိုင်းအရ ကလေးတွင် သက်ရောက်မှုရှိမရှိကတော့ အပြောရခက်ပါသည်။ ကျွန်တော် ဖြေထားသလိုပင် အခြေအမြစ်တော့ သိပ်မရှိလှပါ။ လူသည် လူသာဖြစ်သဖြင့် သာယာသော အာရုံတွင် နစ်မျော၊ မက်မောမိ တတ်သည်မှာ သဘာဝပင်ဖြစ်ပါသည်။ ထိုရောအခါ မွေးလာသည့်ကလေး အရွယ်ရောက်လာသည့်အခါ ထိုမှာဘက်တွင် အာရုံများခြင်းမှာ လူပီသ သွားခြင်းသာ ပိုပြီး ဖြစ်တန်ရာပါသည်။ မိခင်နှင့် ဖခင်တို့က အခြောက်တိုက် ဥပါဒ်ခံရခြင်းလည်း အများကြီးဖြစ်နိုင်နေပါသေးသည်။
စာဖတ်သူ လူကြီးမင်းများကိုယ်တိုင်သာ ဆင်ခြင်တော်မူကြည့်ကြပါ ကုန်။
————————————————–
ဒီဇင်ဘာလထုတ် အိုင်ဒီယာမဂ္ဂဇင်းထွက်အပြီးမှာ အမျိုးသမီးတစ်ယောက် ဖုန်းဆက်ပါသည်။ ကျွန်တော့် “ယောကျာ်းသားချင်း ပွင့်ပွင့်လင်း”ထဲမှ အချက်အလက်များကို ထောက်ပြကန့်ကွက်လာခြင်းဖြစ်လေသည်။
သို့သော် ကျွန်တော့်ကို တိုက်ရိုက်ပြောခြင်းမဟုတ်ပါ။ တယ်လီဖုန်း ဖြေကြားသူ ကျွန်တော့်အိမ်သူနှင့် ပြောသွားခြင်းဖြစ်သည်။ ကျွန်တော်နှင့် ဆိုလည်း ထိုစကားတွေ သူ့နှုတ်မှ ထွက်ရဲမည်မဟုတ်ဟုလည်း ပြောသွားပါသေးသတဲ့။
သူကား သားဖွားမီးယပ်ဆရာဝန်ဟုလည်း ပြောသွားပါသတဲ့။ သားဖွားမီးယပ်ဆရာဝန်ဖြစ်လျက်နှင့် သည်ကိစ္စကို ကျွန်တော်နှင့် မပြောရဲဟု ဆိုသောအခါ ဘာပြောရမှန်းတောင် မသိတော့ချေ။ သူက ဒီဇင်ဘာလထုတ်ထဲမှ ကျွန်တော်ဆွေးနွေးသွားသည်များကို စာဖတ်သူများ အမှတ် မမှားစေလိုသဖြင့် ပြင်ဆင်ရေးသားရန် တိုက်တွန်းအကြံပြုသွားသည်ဟု ဆိုပါသည်။
သူပြောသော ကိစ္စကို ကျွန်တော် သိပါသည်။ ကျွန်တော့်ဘက်ကလည်း ခိုင်လုံပါသည်။ ထူးထူးခြားခြား ထိုဒီဇင်ဘာလထုတ်ကို ရေးသားရာတွင် ကျွန်တော်က ပညာရှင်မဟုတ်သည့်အတွက် ပညာရှင်များကို ကိုးကားဖော်ပြခဲ့ပါသည်။ ကျွန်တော် ကိုးကားသော စာအုပ်အမည်၊ ထုတ်ဝေသည့်တိုက်၊ စာမျက်နှာအမှတ်ကအစ အတိအကျဖော်ပြခဲ့ပါသည်။
သည်ကြားထဲကမှ လွဲနေသည်ဟု သူက အတည်ပေါက်ကြီး ပြောသွားသောအခါ ဘာပြောရမှန်းတောင် မသိတော့ပါ။ ကျွန်တော်တို့မှာက သုတေသနပိုင်းမှာ အားနည်းလှသဖြင့် သုတေသန အားသာရာ ကျမ်းကိုး အထောက်အထားနှင့် အခိုင်အမာရေးလိုက်သည်ကိုပင် သူက ကန့်ကွက်ခဲ့ပေရာ သူ့ဘက်က ခိုင်လုံသော အထောက်အထားကို တောင်းခံရန်သာ ရှိလေတော့မည်။
ခက်သည်က သူက ကျွန်တော်နှင့်လည်း တိုက်ရိုက်မပြော၊ ပြောသည့် အခါတွင်လည်း “သားဖွားမီးယပ်ဆရာဝန်”ဟူသော ပညာရပ်ပိုင်းဆိုင်ရာ ဂုဏ်ပုဒ်အားကိုးမှတစ်ပါး အခြား ဘာအထောက်အထားမှ မပါသဖြင့် ကျွန်တော့်မှာ သူ့စကားကို အလေးထားဖို့ ခက်နေပေတော့သည်။
ပထမဆုံး သူထောက်သော အချက်မှာ ကိုယ်ဝန်ရှိနေသူအမျိုးသမီးဟာ ကိုယ်ဝန် လရင့်တဲ့အထိ ချစ်တင်းနှောနိုင်ပါတယ်။ ဝမ်းဗိုက်ကို မထိခိုက်အောင်တော့ ရှောင်ရမယ်ပေါ့။ လင်နဲ့မယား နှစ်ဦးနှစ်ဖက် စိတ်လက် ကြည်သာနေမယ်ဆိုရင် မွေးခါနီး ရက်ပိုင်းအလိုအထိတောင် ချစ်တင်းနှော နိုင်တယ်လို့ မှတ်သားဖူးပါတယ်ဟု ကိုမင်းထွန်းထံ ကျွန်တော့် ပြန်စာမှာ  ရေးခဲ့ပါသည်။ ထိုအချက်ကို သူက ကန့်ကွက်ခြင်းဖြစ်သည်။
ကိုယ်ဝန်ဆောင်ချိန် ချစ်တင်းနှောပါက သားလျှောနိုင်သည်ဟုလည်း သူက ဆိုပါသတဲ့။ သူသာဆိုလျှင် တားပါသတဲ့။
ဒုက္ခတော့ ရောက်ပြီ။ သူပြောသလိုသာဆိုလျှင် ကျွန်တော့်သမီးရော၊ သားပါ လူဖြစ်လာဖို့တောင် အကြောင်းမရှိတော့ပေ။ ဟုတ်ပရော။
ဒါက ကျွန်တော့် လက်တွေ့။ စာတွေ့ကလည်း ခိုင်ခိုင်မာမာ။
သို့သော် သူက သားဖွားမီးယပ်ဆရာဝန်ပါဟုဆိုသွားသဖြင့် ကျွန်တော် လည်း သားဖွားမီးယပ် ပါမောက္ခဆရာဝန်ကြီးထံ ပြေးရသည်။ ကျွန်တော့် ထံဖုန်းဆက်သည့် အမျိုးသမီး၏ ဆရာများ ဖြစ်ခဲ့ဖူးလေမလားတော့ မသိ။
ပါမောက္ခကြီး၏အမည်နှင့် ဘွဲ့ထူးဂုဏ်ထူးများကိုပါ ပြန်လည်ဖော်ပြလို လှသော်လည်း ဆရာကြီးထံမှ ခွင့်ပြုချက် တောင်းမလာမိခဲ့သည့်အတွက် မဖော်ပြတော့ပါ။
သို့သော် ဆရာကြီးက ကျွန်တော့်တင်ပြချက် မှန်ကန်ကြောင်း အတိအလင်း ပြောပါသည်။ ကျွန်တော့်ကို ထိုသို့ ထောက်ပြလာသည်ကို ဆရာကြီးအား ပြောပြသောအခါ ဆရာကြီးကြုပံးပါသည်။ ထို့နောက် ဆရာကြီးက အောက်ပါအတိုင်း ပြောပါသည်။
“ဒါတော့ အမျိုးသားတွေဘက်က ညင်သာဖို့တော့ လိုတာပေါ့။ နှစ်ဦး နှစ်ဖက် သာယာမှုအတွက် ညင်ညင်သာသာဆိုရင် ဘယ်ထိခိုက်မလဲ။ အဲလိုမှမဟုတ်ဘူးဆိုရင်တော့ သစ်ငုတ်တောင် တအားနှဲ့ဖန်များရင် နဲ့ကုန်သလိုမျိုးတော့ ရှိကောင်းရှိနိုင်ပါတယ်”
ဆရာကြီး၏ စကားက ရှင်းသွားပါသည်။ ကျွန်တော်တင်ပြရာတွင် ကျန်ရစ်ခဲ့သော အချက်ကို ထောက်ပြလိုက်ခြင်းလည်းဖြစ်လေသည်။ သို့သော် ဆေးပညာအရမူ ကိုယ်ဝန်ဆောင်ချိန်မှာ ချစ်တင်းနှောခြင်းကို မတားမြစ်သည်မှာလည်း အမှန်ပင်ဖြစ်ကြောင်း ဆရာကြီးက ထပ်လောင်း အတည်ပြုပေးပါသည်။
“အဲဒီ့အချိန်မှာ ချစ်တင်းမနှောရလို့ တားလိုက်ရင် အမျိုးသားတွေ အတွက် ဘယ်တရားပါ့မလဲ။ လူမှုရေးဖောက်ပြန်မှုတွေ ပေါ်ပေါက်လာနိုင် တာပေါ့။ ပြီးတော့ ဆရာ ပြောသလို ကိုယ်ဝန် သုံးလက ခြောက်လအတွင်း အမျိုးသမီးတွေမှာ ဟော်မုန်းဓာတ်အပြောင်းအလဲ၊ သွေးသားအပြောင်းအလဲကြောင့် ခါတိုင်းနဲ့မတူဘဲ ချစ်တင်းနှောလိုစိတ်တွေ ပြင်းပြနေတတ်တာလည်း ရှိသေးတယ်”
ဆရာကြီး ဆက်ပြောသော စကားများပင်ဖြစ်ပါသည်။
ကျွန်တော့်အတွက်တော့ နဂိုကတည်းက ရှင်းပြီးသားဖြစ်ပါသည်။
ကျွန်တော့်ဘက်က လိုသွားသည်ဆိုလျှင် လိပ်ပတ်လည်အောင် မရေးတတ်ခြင်းသာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ယေဘုယျအားဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် ချစ်တင်းနှောခြင်းမှာ သန္ဓေသားကို ထိခိုက်ရန်အကြောင်း မရှိဟု ပြောနိုင်ပါသည်။ သို့ရာတွင် ကျွန်တော်သွားမေးသည့် ပါမောက္ခကြီး ပြောသကဲ့သို့ ညင်ညင်သာသာ နွေးနွေးထွေးထွေးဖြစ်နေဖို့တော့ လိုပါလိမ့်မည်။ ထိုသို့သာ ရေးခဲ့မိမည်ဆိုလျှင် သိပ်ပြဿနာရှိမည် မထင်ပါ။
မည်သို့ပင်ဆိုစေ ယခုကဲ့သို့ ထောက်ပြဆွေးနွေးလာသည့်အတွက် အနှီ “သားဖွားမီးယပ်ဆရာဝန်”ဆိုသူ အမျိုးသမီးအား ကျေးဇူးပင်တင်ရပါဦးမည်။
သူထောက်ပြသော နောက်တစ်ချက်မှာလည်း စိတ်ဝင်စားစရာကောင်းပါသည်။
ထိုဆောင်းပါးတွင်ပင် ကျွန်တော် အောက်ပါအတိုင်း ရေးခဲ့ပါသည်။
လရင့်တဲ့အခါမှာ ချစ်တင်းနှောတာ သိပ်များသွားရင် မွေးလာတဲ့ ကလေးရဲ့ဦးခေါင်း ဆံပင်တွေကြားမှာ ဘောက်တွေစွဲနေသလို အချပ်လိုက် ချပ်ခဲကြီး ဖြစ်နေတတ်ပါတယ်။ အဲဒါဆိုရင် ဆေးရုံက ဆရာဝန်တွေ၊ သူနာပြုတွေက အဲဒီ့ယောကျာ်းကို နှာခေါင်းရှုံ့ချင်တတ်တာက လွဲလို့ ကျန်တဲ့ ခန္ဓာကိုယ် ကျန်းမာရေး ပြဿနာတော့ မရှိပါဘူး။
ထိုအချက်ကို ဆရာမက ထောက်ပြခြင်းဖြစ်ပါသည်။ သူ့အဆိုအရ ထိုသို့ ဖြစ်ရခြင်းမှာ ချစ်တင်းနှောခြင်းနှင့်မဆိုင်ဘဲ တခြားအကြောင်းကြောင့် ဖြစ်သည်ဟု ဆိုသွားပါသည်။ ကျွန်တော်နှင့် တိုက်ရိုက်ပြောခွင့်မရသောကြောင့် ထိုအခြားအကြောင်းကို ရေရေရာရာသိခွင့်မရလိုက်ပါ။
ထိုအချက်မှားယွင်းသည်ဟု ဆိုပါမူ ကျွန်တော့်ဘက်က ဘာအထောက်အထားမှ မရှိဘဲ ကြားဖူးနားဝနှင့် ရေးလိုက်ခြင်းဖြစ်သည်ကို ဝန်ခံရပါလိမ့်မည်။ ပါမောက္ခဆရာဝန်ကြီးနှင့်တွေ့ခဲ့စဉ်က ထိုအချက်ကို မေးမြန်းရန် ကျွန်တော့်ဘက်မှ မေ့လျော့သွားခဲ့မိပါသည်။ သို့ဖြစ်ပေရာ ထိုကိစ္စကို ကျွန်တော် ဘယ်လိုမှ အခိုင်အမာ မပြောနိုင်ပါ။
ဆရာမ ပြောသကဲ့သို့ ဘာမှ မဆိုင်ဟု ဆိုလျှင်လည်း မဆိုင်ဘူးပေါ့။ သို့ရာတွင် ထိုကိစ္စသည် အရေးမကြီးပါ။ ကိုယ်ဝန်ဆောင်ချိန်တွင် ချစ်တင်းနှောခြင်းသည် သန္ခေသားကို ထိခိုက်မှုရှိ မရှိကသာ အခရာဖြစ်ပါသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U