Related Posts Plugin for WordPress, Blogger...

Sunday, July 28, 2013

မန္တလေးတွင် ညအချိန် အရက်မူးတိုင်းကိရိယာဖြင့် စစ်ဆေးအရေးယူမည်




မန္တလေးတိုင်းဒေသကြီးအတွင်း ညအချိန် ယာဉ်တိုက်မှု လျော့ကျစေရန် အတွက် ညအချိန် အရက်သေစာ သောက်စား၍ ယာဉ်မောင်းသူများကို အရက်မူးတိုင်း ကိရိယာဖြင့် ဇူလိုင်လ ၂၇ ရက်မှ စတင်၍ ရှောင်တခင် စစ်ဆေးအရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“အရက်မူးတိုင်းကိရိယာ ၁၀ လုံး ရောက်ရှိပါပြီ။ ညအချိန် ယာဉ်တိုက်မှု လျော့ကျအောင် အရက်သေစာ သောက်စားပြီး ယာဉ်မောင်းနှင်သူတွေကို ဒီကိရိယာနဲ့ စစ်ဆေးမယ်။ အရက်သေစာ သောက်စားပြီး ယာဉ်မောင်းနှင်ကြောင်း တွေ့ရှိခဲ့ရင် အရေးယူမှာပါ” ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အရက်သေစာ သောက်စားပြီး ယာဉ်မောင်းနှင်ခြင်း တွေ့ရှိပါက မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ-၂၆ အရ အရေးယူမည်ဖြစ်ပြီး ဒဏ်ငွေအနည်းဆုံး ၁၀,၀၀၀ ကျပ်မှ အများဆုံးဒဏ်ငွေ ၃၀၀,၀၀၀ ထိ အရေးယူမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အဖွဲ့လေးဖွဲ့ကို နှစ်ဖွဲ့ပေါင်းပြီး ညအချိန် မြို့ပေါ်မှာ ရှောင်တခင်စစ်ဆေး အရေးယူသွားမှာပါ။ ဒီစက်က လူတစ်ယောက်ရဲ့ ပါးစပ်အနံ့ထွက်လာတဲ့ ရာခိုင်နှုန်းကို တိုင်းတာတာပါ။ အရက်သောက်ထားတဲ့ လူတစ်ယောက်ကို ဒီစက်နဲ့ စမ်းသပ်လိုက်လို့ ၀ ဒသမ ၇ ရာခိုင်နှုန်း ရှိတယ်ဆိုရင်ကိုပဲ ဒီလူတစ်ယောက်ဟာ အရက်မူးနေတာ သေချာနေပြီ။ ၀ ဒသမ ၇ ရာခိုင်နှုန်းကနေ အထက်ကျော်သူတွေကို အရေးယူမှာ ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


Sayar Chan (Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U