Related Posts Plugin for WordPress, Blogger...

Saturday, November 9, 2013

အဆုံးအဖြတ်


(ဆောင်းပါးရှင် - ကိုသိန်း (ကျောက်ကြီး))

"၂၀၁၅ လည်း နီးနေပြီ။ ခုချိန်ထိ ဘာမှလည်း အားရစရာ မရှိဘူး။ မပူပါနဲ့ နာကျင်ချိန်ပို ကျန်ပါသေးတယ်" ဆိုတဲ့ နိုင်ငံရေး သရုပ်ဖော် ကာတွန်းလေး တစ်ကွက်ကို (၂၃. ၁၀.၂၀၁၃) ရက်နေ့ထုတ် The Daily Elevenသတင်းစာမှာ စာရေးသူ ဖတ်လိုက်မိပြီး အတွေးလေးတွေ ၀င်ခဲ့မိပါတယ်။

ဘောလုံး အားကစားနည်းဆိုတာ အမျိုးသား၊ အမျိုးသမီး အားလုံးစိတ်ဝင်စားတဲ့ အားကစားနည်း တစ်မျိုးပါ။ အင်္ဂလန် ပရီးမီးယားလိဂ် အပါအ၀င် အခြားသော ဘောလုံးပွဲတွေ မြောက်မြားစွာကို စာဖတ်သူတွေလည်း ကြည့်ခဲ့ဖူးကြ ပါလိမ့်မယ်။ အချို့ဘောလုံးပွဲမှာ အနိုင်ရနေတဲ့ တစ်ဖက်အသင်းဟာ အချိန်နီးကပ်လာလေ ဥပဒေဘောင်အတွင်း ဘောင်အပြင်ကနေ ညစ်နည်းမျိုးစုံနဲ့ နောက်ပြန်ဆွဲလိမ်ခေါက်ပြီး အချင်းချင်းပြန်ပေးလိုက် ဘေးကန်ထုတ်လိုက် ဒဏ်ရာရချင်ယောင်ဆောင်ပြီး အချိန်ဖြုန်းလိုက် ပွဲပြီးခါနီးထိ လူစားလဲလိုက်နဲ့ အမျိုးမျိုး ပညာတွေပြပြီး အချိန်ဆွဲကာ နောက်ဆုံးအချိန်မှာ အနိုင်ရသွားတဲ့ ဖြစ်စဉ်တွေကို မချိတင်ကဲ ခံစားဖူးကြမှာပါ။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ် ပီသတဲ့ ပွဲအဖြစ် အနိုင်အရှုံးကို နှစ်ဖက်ပရိသတ်က တညီတညွတ်တည်း သတ်မှတ်ဖို့တော့ လိုအပ်ပါတယ်။

ပရော်ဖက်ရှင်နယ် ပီသစွာ အဆုံးအဖြတ်ပေးမယ့် အချိန်အတွင်း တစ်ဖက်အသင်းက အချိန်ကို အကျိုးရှိစွာ အသုံးချပြီး အနိုင်ယူသွားခဲ့လို့ အရှုံးပေးလိုက်ရတဲ့ အသင်းဟာ မိမိတို့အသင်း ဘာကြောင့် အရှုံးပေးလိုက် ရသလဲဆိုတဲ့ အားနည်းချက်ကို ရှာဖို့လိုပါလိမ့်မယ်။ ရှေ့တန်းတိုက်စစ် အားကောင်းဖို့ အရည်အချင်း ပြည့်ဝတဲ့ ကွင်းလယ်ဖန်တီးရှင်တွေရှိဖို့ အတွေ့အကြုံ ရင့်ကျက်တဲ့ နောက်တန်းခံစစ်မှူးတွေရှိဖို့ လိုပြီး တစ်ဦးချင်း ဘောလုံးစွမ်းရည် ထက်မြက်ကာ အချင်းချင်း နားလည်မှု အပြည့်အ၀နဲ့ အချိတ်အဆက်တွေမိဖို့ လိုပါတယ်။ ပိုပြီးအရေးကြီးတဲ့ အချက်က ဘောလုံးအသင်း နည်းပြဟာ သတ်မှတ်ချိန်အတွင်း အနိုင်ယူ ကစားရမှာမို့ အချိန်ရဲ့ အရေးပါမှုကို အထူးသတိထားပြီး အကွက်မြင်မြင်နဲ့ လူစားလဲမှုတွေ နည်းဗျူဟာ ပြောင်းလဲမှုတွေ ပြုလုပ်သွားမှသာလျှင် နိုင်ပွဲတွေကို မျှော်လင့်နိုင်ကြမှာ ဖြစ်ပါတယ်။

ထို့အတူပါပဲ စာရေးသူတို့ရဲ့ လက်ရှိအနေအထားများဟာ ဘောလုံးပွဲစဉ် တစ်ခုလိုပါပဲ။ အချိန်ရဲ့ အရေးပါမှုကို အထူးသတိထားဖို့ လိုအပ်နေပါပြီ။ ၂၀၁၅ ခုနှစ် အချိန်နီးကပ် လာတာနဲ့အမျှ ပြိုင်ဆိုင်မှုတွေဟာ ပိုပြီးပြင်းထန်လာမှာ သေချာလှပါတယ်။ ကိုယ်နဲ့ယှဉ်ပြိုင်ရမယ့် အသင်းဟာ အဘက်ဘက်က အင်အားတောင့်တင်းပြီး နည်းပြတွေကလည်း ကောင်း၊ နည်းဗျူဟာလည်း ကောင်း၊ အကွက်လည်း မြင်တတ်တဲ့ အနိုင်ရနေတဲ့ အသင်းတစ်သင်းဆိုတာ ခေါင်းထဲထည့်ထား ကြရလိမ့်မယ်။ ဒီကြားထဲ ပရော်ဖက်ရှင်နယ် ပီသတဲ့ ဒိုင်မျိုးနဲ့ တိုးပါစေလို့လည်း ဆုတောင်းနေကြ ရဦးမှာပါ။ အဆုံးအဖြတ်ပေးမယ့်ပွဲ ပြီးခါနီး ဥပဒေ ဘောင်အတွင်း ဘောင်အပြင်ကနေ ပညာမျိုးစုံပြကာ အနိုင်ယူသွားကြမယ့် အနေအထားမျိုးတွေ မရောက်အောင် မိမိတို့ဘက်က ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားရ ပါလိမ့်မယ်။ ဘယ်လိုအကွက်မြင်တဲ့ နည်းဗျူဟာတွေ ကျင့်သုံးကြမလဲ။ ရှေ့တန်းတိုက်စစ်မှူးနဲ့တူတဲ့ ခေါင်းဆောင်တစ်ဦးတည်းကိုပဲ အားထားနေကြမလား။ တစ်ဦးချင်း စွမ်းရည်တွေ ထက်မြက်အောင် အချင်းချင်း အချိတ်အဆက်မိအောင် မကြိုးစား ကြတော့ဘူးလား။ အဖွဲ့အစည်းကို ပုံဖော်ပေးမယ့် အဓိက မောင်းနှင်အားဖြစ်တဲ့ ဗဟိုအဖွဲ့အစည်းတွေက ဒီလိုပဲ အချိန်ဖြုန်းနေ ကြတော့မှာလား။ ပွဲကြည့်ပရိသတ်နဲ့တူတဲ့ ပြည်သူတွေနဲ့ တစ်သားတည်း ဖြစ်နေအောင် မကြိုးစား ကြတော့ဘူးလားဆိုတဲ့ "လား" ပေါင်းများစွာကို နားစွင့်ဖို့ လိုနေကြပါပြီ။

စာရေးသူတို့ နိုင်ငံရဲ့ အနာဂတ် အပြောင်းအလဲ ဖြစ်ပေါ်မှုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပေါ်မှာ အဓိက မူတည်နေတယ်ဆိုတာ ပြည်သူတွေ တိုင်းရင်းသား အဖွဲ့အစည်းတွေ အလွှာအသီးသီးက လက်ခံသဘောပေါက် ထားကြပါတယ်။ ဒါကြောင့်မို့လဲ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ အချိန်အတောအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ (NLD) ပါတီ လက်ရှိအနေအထားတွေကို စတုတ္ထမဏ္ဍိုင်နဲ့တကွ နိုင်ငံရေး သုံးသပ်သူတွေ၊ ဥပဒေ ပညာရှင်တွေနဲ့ လူထုလူတန်းစား အလွှာအသီးသီးက အင်အားတောင့်တင်းပြီး နိုင်ငံရေး ချိန်ခွင်လျှာ ညီမျှမှု ဖြစ်ပေါ်စေနိုင်မယ့် အတိုက်အခံ ပါတီကြီးတစ်ခုအဖြစ် မြင်တွေ့လိုနေကြခြင်းလည်း ဖြစ်ပါတယ်။ အတိုက်အခံ အင်အားကောင်းမှ တိုင်းပြည်ယခုထက် ပိုမိုတိုးတက်မှာလည်း ဖြစ်ပါတယ်။

ပြည်သူတွေ ပြောင်းလဲသွားတဲ့ အပြောင်းအလဲအတွင်း ကုန်ဆုံးခဲ့တဲ့ လပေါင်း ၃၀ မှာ တိုင်းပြည်ဘယ်လောက် တိုးတက်ပြောင်းလဲနေပြီလဲ ဆိုတာထက် ပြည်သူအများစု စားဝတ်နေရေး ချောင်လည်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ဘယ်လောက်ရနေ ကြပြီလဲ ဆိုတာကို စိတ်ဝင်စားကြတာ အမှန်ပါပဲ။ နှစ်ပေါင်း ၆၀ နီးပါးမျှ ရှည်ကြာခဲ့တဲ့ ပြည်တွင်းစစ် ပဋိပက္ခ ချုပ်ငြိမ်းဖို့ ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေအတွက် နိုင်ငံရေး သဘောတူညီချက်တွေကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ရရှိနေချင်ကြတယ် ဆိုတာဟာလည်း တိုင်းရင်းသား ပြည်သူတွေရဲ့ ရင်ထဲက ဆန္ဒအမှန်တွေပါပဲ။ ဒါ့အပြင် လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခတွေ၊ ပြည်သူတွေ ထိတ်လန့်ချောက်ချားမှု ဖြစ်ပေါ်စေတဲ့ ဘယ်သူတွေရဲ့ လက်ချက်မှန်းမသိတဲ့ ဗုံးဖောက်ခွဲမှု လုပ်ရပ်တွေကို ပြည်သူတွေ အမြင်ရှင်းအောင် ပွင့်လင်းထင်သာမြင်သာ ရှိလာအောင်၊ နောင်အလားတူ မဖြစ်ရအောင် လိုလားနေကြပြီး သူတို့ဘ၀တွေကို အဆုံးအဖြတ်ပေးမယ့် ၂၀၁၅ ခုနှစ်ကို မျှော်လင့်နေကြခြင်းလည်း ဖြစ်ပါတယ်။

မည်သို့ပင် ဆိုစေကာမူ ၂၀၁၅ ခုနှစ်မှာ ဖြစ်တည်လာမယ့် စာရေးသူတို့နိုင်ငံရဲ့ ရွေးကောက်ပွဲဟာ ပြည်သူတစ်ရပ်လုံးရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် ပြိုင်ပွဲကြီး တစ်ပွဲလည်း ဖြစ်ပါတယ်။ ဒေသတွင်းမှာ အဘက်ဘက်က နိမ့်ပါးနေတဲ့ နိုင်ငံအဆင့်ကနေ အဘက်ဘက်က အခြေအနေ မြင့်မားစေနိုင်မယ့် နိုင်ငံအဆင့်ရောက်အောင် ဒေသတွင်း နိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရတော့မယ့် ပြိုင်ပွဲမျိုးအဖြစ်သာ မြင်စေချင်ပါတယ်။ အချင်းချင်း ထိုးနှက်တိုက်ခိုက် ရတော့မယ့်အချိန် မဟုတ်တော့ပါဘူး။ အမျိုးသား စည်းလုံးညီညွတ်ရေးအတွက် ကိုယ့်လူမျိုးချင်း စိတ်ဝမ်းမကွဲကြဖို့ လိုအပ်လှပြီး "မြန်မာ" ဆိုတဲ့ ဂုဏ်ဒြပ်ကို မြှင့်တင်ကြဖို့ အချိန်ရောက်နေပြီ ဖြစ်ပါတယ်။

ထို့အတူပါပဲ တပ်မတော်ဟာ ပြည်သူထဲက ပေါက်ဖွားလာသလို တပ်မတော်က ပေါက်ဖွားလာတဲ့ ပေါက်ဖွားခဲ့တဲ့ အငြိမ်းစားတွေ အရာရှိ အရာခံ အကြပ်စစ်သည်တွေရဲ့ သားသမီးတွေဟာ ယနေ့ပြည်သူတွေနဲ့ တစ်သားတည်း ဖြစ်နေကြတယ် ဆိုတာကိုလည်း သတိမူကြဖို့ လိုပါတယ်။ အချင်းချင်း စည်းလုံးညီညွတ်မှုတွေ ပြိုကွဲပြီး အယူဝါဒ အမျိုးမျိုး ကွဲပြားကာ ပဋိပက္ခအသွင် ဆက်လက်တည်ရှိ နေကြဦးမယ် ဆိုရင်တော့ တိုင်းပြည်ရဲ့ ကံကြမ္မာဟာ ရင်လေးဖွယ်ရာ အနေအထားမျိုး ကြုံတွေ့လာနိုင်ပါတယ်။ ဒီကမှတစ်ဆင့် တိုင်းပြည်အနာဂတ် ပျက်သုဉ်းသွားခဲ့ရင် "လှည်းနေလှေအောင် မြင်းဇောင်းမကျန်" တိုင်းရင်းသား ပြည်သူအပေါင်း ဒုက္ခမျိုးစုံ ကျရောက်သွားကြမှာပါ။ သူတို့က တောင်ပေါ်ဒေသမှာနေလို့ သူတို့က မြေပြန့်မှာနေလို့ သူတို့က တောမှာနေလို့၊ သူတို့က မြို့မှာနေလို့ဆိုပြီး ဒုက္ခက ကွက်ပြီးပေးမှာ မဟုတ်ပါဘူး။ ဒီနိုင်ငံ အတွင်းမှာရှိတဲ့ မျိုးဆက်တွေ အားလုံးရဲ့ အနာဂတ်ပါ။ နောက်တစ်ကြိမ် ပျက်သုဉ်းသွားနိုင်တယ် ဆိုတာကို အလေးအနက် ထားကြဖို့ လိုအပ်လှပါတယ်။

သို့ဖြစ်၍လည်း အာဏာရပါတီ၊ တပ်မတော်နဲ့ အတိုက်အခံ နိုင်ငံရေး ပါတီများ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ရဟန်းရှင်လူ အလွှာအသီးသီးတို့ဟာ မိမိတို့သာမက မိမိတို့ရဲ့ မျိုးဆက်များရဲ့ အနာဂတ် အတွက်ပါ အဆုံးအဖြတ်ပေးမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ မိမိတို့ရဲ့ အတ္တနဲ့ အကျိုးစီးပွားများကို ရှေ့တန်းမတင်ကြဘဲ နိုင်ငံတကာ အလယ်မှာ အစစအရာရာ အောက်တန်းကျပြီး မျက်နှာမွဲ ဘ၀တွေကနေ ကိုယ့်လူမျိုးတွေရဲ့ ဘ၀အဆင့်အတန်းကို ဘယ်လိုကယ်တင် ကြမလဲဆိုတဲ့ မြင့်မြတ်တဲ့ ဘုံရည်မှန်းချက်များထားကာ အမျိုးသားရေး စိတ်ဓာတ်များဖြင့် ၀ိုင်းဝန်းဆောင်ကြဉ်းပေးဖို့ လိုအပ်လှပါကြောင်း ရေးသားလိုက်ပါတယ်။

(နိုဝင်ဘာလဆန်းက ကျင်းပသော လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား ဒေသခံများက ကြိုဆိုနေကြစဉ် (ဓာတ်ပုံ-နေထွန်းနိုင်))

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U