Related Posts Plugin for WordPress, Blogger...

Tuesday, November 26, 2013

ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း အမြန်လမ်းမကြီး ပိုမိုလုံခြုံမှုရှိစေရန် ကင်းပုန်းဝပ် စောင့်ကြည့်စစ်ဆေးမှုများ တိုးချဲ့ဆောင်ရွက်မည်




ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်၌ ခရီးသွား ပြည်သူများ ပိုမိုလုံခြုံမှု ရှိစေရန်အတွက် ကင်းပုန်းဝပ် စောင့်ကြည့် စစ်ဆေးမှုများကို တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး နေ၀င်းက နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ထို့အပြင် အမြန်လမ်းမကြီး တစ်လျှောက်တွင် မှုခင်းကြိုတင် ကာကွယ်သည့် စီမံချက်ဖြင့် အခြေမဲ့ နေထိုင်သူများ၊ ညပိုင်း အရက်မူးယစ် နေသူများနှင့် မောင်းနှင်ဖြတ်သန်း သွားလာနေသည့် မော်တော်ယာဉ်များကို ခဲဖြင့်ပေါက်နေ သူများကိုလည်း စစ်ဆေးအရေးယူ သွားမည်ဟု သိရသည်။

အလားတူ အမြန်လမ်းမကြီး၌ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်၍ အဆိုပါ လမ်းမကြီး တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများကိုလည်း
ပညာပေး ဟောပြောပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

''အမြန်လမ်းမပေါ်မှာ ဖြစ်ပွားနေတဲ့ ယာဉ်တိုက်မှု အခြေအနေတွေက နောက်ပိုင်းမှာ အနည်းငယ် လျော့ကျလာပါတယ်။ ဒါပေမဲ့ ယာဉ်တိုက်မှုတွေအပြင် တခြားဆက်စပ် မှုခင်းများနဲ့ ရာဇ၀တ်မှုတွေ မဖြစ်ပွားအောင် ညပိုင်းမှာ မူးယစ်သောက်စားပြီးတော့ သွားလာနေတဲ့သူတွေ၊ အခြေမဲ့ နေထိုင်တဲ့ သူတွေနဲ့ ယာဉ်တွေကို ခဲဖြင့်ပေါက်တဲ့သူတွေကို ဖမ်းဆီးအရေးယူ သွားတော့မှာပါ။ ဒါ့အပြင် လမ်းလုံခြုံမှု ရှိဖို့အတွက် လှည့်ကင်း ပတ်ကင်းတွေကို တိုးချဲ့လုပ်ဆောင် သွားမယ့်အပြင် ကင်းပုန်းဝပ် စောင့်ကြည့်စစ်ဆေး မှုတွေကိုလည်း တပ်ဖွဲ့ဝင်အင်အား တိုးပြီးတော့ ဆောင်ရွက်သွားမယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးနေ၀င်းက ပြောကြားသည်။

အမြန်လမ်း ရဲတပ်ဖွဲ့မှူးက ''အမြန်လမ်းမှာ ချမှတ်ထားတဲ့ လမ်းဥပဒေတွေကို လိုက်နာဆောင်ရွက်ဖို့ ဆက်စပ်ကျေးရွာတွေ အားလုံးကို လမ်းအသုံးပြုမှုတွေ ရှောင်ကြဉ်ရမယ့် အရာတွေ အားလုံးနဲ့ ပတ်သက်ပြီးတော့ ပညာပေး ဟောပြောပွဲတွေ ဆောင်ရွက်သွားမယ်'' ဟု ပြောကြားခဲ့သည်။

ထို့အပြင် လမ်းလုံခြုံရေး အတွက် ကင်းပုန်းဝပ်ခြင်းနှင့် စောင့်ကြည့် ကင်းလှည့်မှုများကို တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

(ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမ တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း))

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U