Related Posts Plugin for WordPress, Blogger...

Saturday, November 16, 2013

သမ္မတလစာ လျှော့ယူခြင်းမှာ ဥပဒေကို မချိုးဖောက်ဟု ဦးရဲထွဋ်ဆို




မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘဏ္ဍာ မပြည့်စုံမှုနှင့် ပြည်သူအများစု၏ မပြည့်စုံသည့် အခြေအနေကို ထောက်ထား၍ သမ္မတ၏ လစာကို အချိန်အတိုင်းအတာ တစ်ခုအထိ လျှော့ယူရန် ဆုံးဖြတ်ချက်မှာ ဥပဒေကို မချိုးဖောက်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများတွင် ပါဝင်နေခြင်းကြောင့်ဟု ဆိုကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ လစာကို လျှော့ယူထားခြင်းမှာ တည်ဆဲ ဥပဒေများကို ချိုးဖောက်နေကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က နိုဝင်ဘာလ ၁၃ ရက်နေ့က ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ပြောကြားခြင်းကို ဦးရဲထွဋ်က အထက်ပါအတိုင်း တုံ့ပြန် ပြောကြားခြင်း ဖြစ်သည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေ ပုဒ်မ ၃ တွင် နိုင်ငံတော်သမ္မတသည် လစဉ် ချီးမြှင့်ငွေ ကျပ်သိန်း ၅၀ ခံစားခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားရာ သတ်မှတ်လစာကို ခံစားလိုက ခံစားနိုင်သည့် သဘောဖြစ်ပြီး မလုပ်မနေရ မဟုတ်ကြောင်း ၎င်းကထောက်ပြသည်။
“ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို အသိအမှတ်ပြု ဆောင်ရွက်ခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့လုပ်ဆောင်ချက်အပေါ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောကြားခဲ့တဲ့ မှတ်ချက်ဟာ ပြင်းထန်လွန်းတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအဆင့်၊ တိုင်းနှင့် ပြည်နယ်အဆင့် စသည့် ပုဂ္ဂိုလ်များမှာ နိုင်ငံတော်သမ္မတ၏ အမိန့်ညွှန်ကြားချက်အရ လစာလျှော့ယူခြင်းဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက လွှတ်တော်သို့ တင်ပြသဖြင့် ယင်းအချက်ကို လွှတ်တော် ဥက္ကဋ္ဌကြီးက ထောက်ပြခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။
“ဥပဒေမှာ ပြဋ္ဌာန်းပြီးသားကို သမ္မတရဲ့အမိန့်ညွှန်ကြားချက်နဲ့ လျှော့ယူတယ် ဆိုတော့ အမိန့် ညွှန်ကြားချက်က ဥပဒေကို လွှမ်းမိုးသလို ဖြစ်နေတယ်။ အဲ့လိုဖြစ်လို့ မရလို့ ဥပဒေနဲ့အညီ ဖြစ်အောင် လုပ်ပေးချင်တာ သက်သက်ပဲ” ဟု ၎င်းက ထပ်မံရှင်းပြသည်။

သမ္မတလစာ သတ်မှတ်ချက်နှင့် ပတ်သက်၍ လွှတ်တော်၏ ဆောင်ရွက်ချက်မှာ သမ္မတ အလိုကျ ဆောင်ရွက် ပေးလိုသည့် ရည်ရွယ်ချက် ဖြစ်ပြီး ဥပဒေနှင့်အညီ ဖြစ်စေလို၍ ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ အနေနှင့် လစာ မည်ရွေ့မည်မျှ ယူရမည်ကို လွှတ်တော်က လိုက်လံ သတ်မှတ်နေခြင်း မဟုတ်ကြောင်း ဦးဖုန်းမြင့်အောင်က ပြောဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လစာလျှော့ယူခြင်းမှာ နိုင်ငံ၏ စီးပွားရေး အခြေအနေကို ငဲ့ကွက်သည့် အခြေအနေ ရှိသော်လည်း ဥပဒေနှင့် ညီညွတ်မှု မရှိသည်မှာ မှန်ကန်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က The Voice သို့ ပြောဆိုထားသည်။

နိုင်ငံတော်သမ္မတ လစာလျှော့ယူခြင်းမှာ ဥပဒေကို ချိုးဖောက်နေကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ ပြောကြားချက် အမူအရာ၊ စကားသံတို့ကြောင့် သမ္မတကြီးအတွက် များစွာ စိတ်မကောင်း ဖြစ်ရကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ထုတ်ဖော် ပြောကြားသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U