Related Posts Plugin for WordPress, Blogger...

Tuesday, December 3, 2013

ဦးပိန်တံတားကို ကော်မတီဖွဲ့ပြီး ရှေးလက်ရာမပျက် ပြုပြင်ထိန်းသိမ်းမည်



ဦးပိန်တံတား ရေရှည်တည်တံ့ကြံ့ခိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ရန် ကော်မတီတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောသည်။

ရှေးဟောင်းသမိုင်းဝင်နေရာတစ်ခုဖြစ်သည့်အတွက် ကော်မတီဖွဲ့ကာ ဆောင်ရွက်မည်ဖြစ်ပြီး ရှေးမူလက်ရာမပျက် ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ၀န်ကြီးကပြောသည်။
““တံတားပေါ်မှာ စက်ဘီးနဲ့ ဆိုင်ကယ် မောင်းတာတို့၊ ပြေးတာတို့တွေလည်း တားမြစ်သွားမယ်”” ဟု ၀န်ကြီးကပြောသည်။
တံတားပြုပြင်ရန်အတွက်မူ ရန်ပုံငွေများလိုအပ်နေသည်ဟု ၀န်ကြီးကဆိုသည်။

စက်တင်ဘာအတွင်း ရေကြီးရေလျှံမှုကြောင့် တံတားအခန်း သုံးခန်းခန့် ပျက်စီးသွားခဲ့ပြီး  မဟာဂန္ဓာရုံမှ ဆရာတော်များ ဦးဆောင်မှုဖြင့်  တံတားအနောက်ဘက်ထိပ်ရှိ တောင်မင်းကြီးဘုရားဂေါပကအဖွဲ့၊ တံတားဝန်းကျင်ဈေးသည်များအပါအ၀င် အခြားအလှူရှင်များ၏  လှူဒါန်းငွေဖြင့်   ပြုပြင်ခဲ့ကြကြောင်း ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဦးပိန်တံတားနှင့် တောင်သမန်အင်းပတ်လည် နေရာများသည် ကမ္ဘာလှည့်ခရီးသည်များအတွက် ဆွဲဆောင်မှုရှိသောကြောင့် အမြင်တင့်တယ်စေရန် အပန်းဖြေနေရာအသစ်များကို မန်းစည်ပင်နှင့် ပူးပေါင်းကာ တည်ဆောက်ပေးမည်ဖြစ်ကြောင်း ၀န်ကြီးကပြောသည်။

တောင်သမန်အင်းနှင့် ဦးပိန်တံတားသည် မန္တလေးမြို့၏   တောင်ဘက် ခုနစ်မိုင်အကွာတွင် တည်ရှိသည်။ ဦးပိန်တံတားသည် တောင်သမန်အင်းကို    အရှေ့အနောက်ဖြတ်ကာ တည်ဆောက်ထားပြီး ၁ ဒသမ ၂ ကီလိုမီတာ ရှည်လျားသည်။ တံတားတွင် တိုင်ပေါင်း ၉၈၄ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်း ရှိသည်။ တံတားအရှည် မှာ ၃၉၇၆ ပေ ရှည်သည်။ ၁၉၇၁ ခုနှစ်က အခန်းအချို့ ရေမျောပျက်စီးခဲ့ဖူးပြီး မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ဦးဆောင်ကာ အမရပူရ မြို့သူမြို့သားများနှင့် ပြန်လည်ပြင်ဆင်ခဲ့ဖူးကြောင်း ဦးပိန်တံတားသမိုင်းကြောင်းစာအုပ်များတွင် ဖော်ပြထားသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U