Related Posts Plugin for WordPress, Blogger...

Tuesday, December 3, 2013

ထားဝယ် အထူးစီးပွားရေးဇုန် ယာယီရပ်ဆိုင်း




ထားဝယ် အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်း၏ ဆောက်လုပ် ပြီးစီးမှုနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို တွက်ချက် စစ်ဆေးနိုင်ရန်အတွက် တည်ဆောက်ရေး လုပ်ငန်းများကို ခေတ္တ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် စီမံကိန်းများ ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ ညှိနှိုင်းရေးဆွဲရေး ကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

ထားဝယ် အထူးစီးပွားရေးဇုန်၏ ကနဦး စီမံကိန်းကို အမြန်ဆုံး တည်ဆောက် ပြီးစီးနိုင်ရန် ယင်းစီမံကိန်းကို စတင်ရင်းနှီး တည်ဆောက်သူ အီတာလျံ-ထိုင်း ကုမ္ပဏီ (ITD) တစ်ခုတည်းနှင့် မလုံလောက်တော့သည့် အတွက် နိုင်ငံတကာ ရင်းနှီး တည်ဆောက်သူများ ပါဝင်လာစေရန် လက်ရှိ ဆောက်လုပ် ပြီးစီးမှုကို Due Diligence Assessment ပြုလုပ်ရန် လိုကြောင်း ၎င်းကဆိုသည်။

“ITD က ဘယ်လောက်ထိ ဆောက်လုပ် ပြီးစီးသွားပြီ၊ ဘယ်လောက်ထိ ရင်းနှီး မြှုပ်နှံပြီးသွားပြီ ဆိုတာကို နိုင်ငံတကာ အကြံပေးလုပ်ငန်း အဖွဲ့ကြီးတွေ ငှားပြီး စစ်ဆေးဖို့ လိုပါတယ်။ ဒီလိုမှ မလုပ်ရင် တကယ့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ အကြီးကြီးတွေက ဝင်လာမှာ မဟုတ်ပါဘူး” ဟု Due Diligence Assessment လုပ်ရန်အတွက် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ ဦးဆက်အောင်က ရှင်းလင်း ပြောကြားသည်။

ITD ၏ တည်ဆောက်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားခြင်းမှာ စီမံကိန်းအတွင်းမှ ITD ကို ဖယ်ထုတ်လိုက်ခြင်း မဟုတ်ဘဲ နိုင်ငံတကာ ရင်းနှီး တည်ဆောက်သူများ ဝင်လာရန် အတွက်သာ ဖြစ်ပြီး ယင်းတို့ကို ရွေးချယ်နိုင်ရန် နိုင်ငံတကာ အကြံပေးအဖွဲ့ကို ယခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ဖိတ်ခေါ်လွှာများ ပေးပို့သွားမည် ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဟံစိန်က ပြောကြားသည်။
အဆိုပြုလွှာ များကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် လက်ခံမည် ဖြစ်ကာ ၂၀၁၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် နိုင်ငံတကာ အကြံပေးအဖွဲ့ကို ရွေးချယ်မည် ဖြစ်ပြီး ယင်းနောက် မေလ ၁ ရက်နေ့တွင် ထားဝယ် အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်းအတွက် လိုအပ်သည့် စီမံကိန်းများ၊ ရင်းနှီး တည်ဆောက်မည့် သူများကို ရွေးချယ်ကာ လုပ်ငန်း ပြီးစီးသည်အထိ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထားဝယ် အထူးစီးပွားရေးဇုန်၏ ကနဦး စီမံကိန်းတွင် တန်ချိန် ၁၃၀၀၀ ရှိ သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းငယ်နှင့် နှစ်လမ်းသွား မြေသား ကားလမ်းတို့ ပြီးစီးပြီ ဖြစ်ကာ ယင်းမြေသားလမ်းကို ကတ္တရာလမ်း ခင်းရန် ဆောင်ရွက်လျက် ရှိကြောင်း ၎င်းကဆိုသည်။

ကနဦး စီမံကိန်းကို မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရက အမြန်ဆုံး ပြီးစေလိုသော်လည်း ITD ကုမ္ပဏီက ဆက်လုပ်ရန် မလွယ်ကူတော့ကြောင်းနှင့် တခြားသော ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ရန် ပြောသည့် အတွက် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ ခေတ္တရပ်ကာ Due Diligence Assessment လုပ်ရခြင်း ဖြစ်ကြောင်း ဦးဆက်အောင်က ပြောကြားသည်။

Due Diligence Assessment ဆိုသည်မှာ လက်ရှိ အနေအထားအထိ ကုန်ကျသည့် ရင်းနှီးမြှုပ်နှံငွေနှင့် လုပ်ငန်းများကို စစ်ဆေးခြင်း ဖြစ်ပြီး ယင်းကို ITD က လက်ခံရမည် ဖြစ်ကြောင်း ဦးဆက်အောင်က ပြောကြားသည်။

ITD ကို ရင်းနှီးမြှုပ်နှံမှုနှင့် အတိုးနှုန်းအတွက် ဘတ်သန်း ၆၀၀၀ ပေးလျော်ရန် သဘောတူထားကြောင်း ထိုင်းနိုင်ငံ အခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသော်လည်း ယင်းနှုန်းထားမှာ အတည် မဟုတ်သေးကြောင်း ဦးဆက်အောင်က ဆိုသည်။

ထိုင်းအလုပ်သမားများမှာ ပြည်တော်ပြန်နေပြီး စက်ယန္တရားများကိုမူ ဝင်ရောက် လာစဉ်က အခွန်မဆောင်ခဲ့သည့်အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည် ထုတ်ယူခွင့် မပြုသေးကြောင်း ထားဝယ် စီမံကိန်း ရပ်ရွာဒေသ လူ့အဖွဲ့အစည်းများ ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဘုန်းဆွေက ပြောကြားသည်။

စီမံကိန်းကြောင့် အလုပ်နားလိုက်ရသည့်အတွက် အလုပ်သမား အချို့ကို အလုပ်ဆင်းစရာ မလိုဘဲ လစာပေးထားရပြီး သတ်မှတ်ချိန် ရောက်ပါက နစ်နာကြေး ပေး၍ အလုပ်ဖြုတ်ဖွယ် ရှိကြောင်း ထားဝယ် စီမံကိန်း အလုပ်သမားများထံမှ သိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် စီမံကိန်းများ တည်ဆောက်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမြင့်ကမူ နောက်လာမည့် ရင်းနှီးမြှုပ်နှံသူက အလုပ်သမားများကို အလုပ်ဆက်ခန့်မည် ဖြစ် ကြောင်း ပြောဆိုသည်။

ယင်းကနဦး စီမံကိန်း တည်ဆောက်ရေးအတွက် ITD ကုမ္ပဏီ၊ ဂျပန် Consortium အဖွဲ့နှင့် ဂျပန်မဟုတ်သော တခြားကုမ္ပဏီတို့ ပါဝင်လာနိုင်ပြီး လတ်တလောတွင် မည်သည့် ပုံစံနှင့် ဆောင်ရွက်မည်ကို ဆွေးနွေးဆဲသာ ဖြစ်ကြောင်း ဦးဆက်အောင်က ဆိုသည်။

ITD ကုမ္ပဏီ ဖြစ်စေ၊ ဂျပန်ကုမ္ပဏီ ဖြစ်စေ ယင်းကနဦး စီမံကိန်းတွင် လုပ်ကိုင်ခွင့်ရပါက ပြည်တွင်း ကုမ္ပဏီများသည်လည်း sub-contractor အနေနှင့် ပါဝင်လာနိုင်မည် ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေး တည်ဆောက်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမြင့်က ပြောကြားသည်။

ပထမအဆင့် ကနဦး စီမံကိန်းများကို ၂၀၁၄ မေလ ၁၅ ရက်နေ့တွင် လုပ်ငန်းများ စတင်မည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ထားဝယ် အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်းများ (Phase 1)
၁။ နှစ်လမ်းသွား ကားလမ်း
၂။ ဆိပ်ကမ်းငယ်
၃။ ကနဦးစက်မှုဇုန်
၎။ ကနဦး လျှပ်စစ်ဓာတ်အားပေးစက်ရုံ
၅။ ကနဦး လူနေအဆောက်အအုံများနှင့် မြို့ပြ စီမံကိန်း
၆။ ကနဦး ရေပေးဝေရေး စီမံကိန်း
၇။ ဆက်သွယ်ရေးလိုင်း။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U