Related Posts Plugin for WordPress, Blogger...

Wednesday, December 4, 2013

သမ္မတအရည်အချင်း ဥပဒေပုဒ်မ ပြင်သင့်၊ မသင့် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်မည်




အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင် နိုင်ခွင့် အတွက် အတားအဆီး ဖြစ်နေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ (၅၉(စ)) ကို ပြင်ဆင်ရန် သင့်၊ မသင့်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီအစည်း အဝေးတွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပါတီအတွင်း သီးခြား ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိပြီး ပုဒ်မ ၅၉ (စ) ပြင်ဆင်ရန်သင့် မသင့်ကို ဗဟို ကော်မတီဝင်များ အားလုံး ဆွေးနွေး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

အဆိုပါ အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စများဆုံးဖြတ်မည့် ဗဟိုကော်မတီ အစည်းအဝေး ကျင်းပမည့် ရက်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
"အခြေခံဥပဒေ ပြင်ဆင်ရေးကို မူဝါဒပိုင်းမှာ ဆွေးနွေးနေပါတယ်။ ဗဟို ကော်မတီ အစည်းအဝေးက ဆုံးဖြတ်မှာပါ။ အချိန်ကတော့ အတိအကျပြောလို့မရဘူး" ဟု ၄င်းက ထပ်လောင်း ပြောကြားသည်။

အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ)သည် ၂၀၁၅ ရွေးကောက်ပွဲတွင် တရားမျှတမှု ရှိစေရေး အတွက် ပြင်သင့်သော ပုဒ်မတစ်ခု ဖြစ်ပြီး NLD ပါတီမှ အဆိုပါ ပုဒ်မကို ပြင်ဆင်ရန် လွှတ်တော်သို့ အသေအချာ တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။
"ပြင်မယ်ဆိုရင် တရားမျှတဖို့ အတွက် အပြုသဘော ဆောင်တဲ့ ပြောင်းလဲမှုတွေကို ကျွန်တော်တို့က ကြိုဆိုပါတယ်" ဟု ၄င်းက ပြောဆိုသည်။

ကြံ့ခိုင်ရေးပါတီက အခြေခံဥပဒေ လေ့လာဆန်းစစ်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး အဆိုပါ အခြေခံဥပဒေပါ တွေ့ရှိချက်များကို ပြင်ဆင်ရန် ဗဟိုကော်မတီ၏ အဆုံးအဖြတ် ရယူမည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရှိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သည့် နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ဖြစ်သော ပုဒ်မ ၅၉ (စ)သည် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် သမ္မတရာထူး အတွက် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးကို အဟန့်အတား ဖြစ်နေသောကြောင့် ပြင်ဆင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ များသည် မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက်အောက်ခံသူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား မဖြစ်စေရ၊ ထိုသူ များသည် နိုင်ငံခြားအစိုးရ လက်အောက်ခံ ဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်း ကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရဟု ဖော်ပြပါရှိသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲအများဆုံး အနိုင်ရရှိ ထားပြီး လွှတ်တော်တွင်း ကိုယ်စားလှယ်ဦးရေ အများဆုံး ရရှိထားသည့် နိုင်ငံရေးပါတီတစ်ခု ဖြစ်ပြီး ပြည်သူ့လွှတ်တော်တွင် ၂၅၉ ဦးနှင့် အမျိုးသားလွှတ်တော်တွင် ၁၂၉ ဦး ရှိကြောင်း လွှတ်တော် စာရင်းဇယားများအရ သိရှိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U