Related Posts Plugin for WordPress, Blogger...

Wednesday, December 4, 2013

စိုးမြတ်သူဇာနှင့် နဝရတ် ရဲစစ်ချက်မှတ်တမ်း ဟူ၍ Facebook တွင် တင်ထားခြင်း ရပ်တန့်ရန် ရုပ်ရှင်အစည်းအရုံး တောင်းဆို




ရန်ကုန်၊ ဒီဇင်ဘာ ၃

အကယ်ဒမီ စိုးမြတ်သူဇာနှင့် နဝရတ်တို့ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်ခဲ့သည် ဟုဆိုသော ရဲစစ်ချက် မှတ်တမ်းများဟု ယူဆရသည် များကို နိုဝင်ဘာလ ၃၀ ရက်နေ့နှင့် ဒီဇင်ဘာလ ၁ ရက်နေ့က Facebook လူမှုကွန်ရက်တွင် Moe Zay Nyein အမည်ဖြင့် ဖော်ပြခြင်းကို ရပ်တန့်ပေးရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် တစ်ချိန်က အနုပညာရှင် အချို့ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက ခေါ်ယူတွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့ကြောင်း၊ သို့သော်လည်း ယင်းသို့ တွေ့ဆုံဆွေးနွေးမှုသည် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း အရ လည်းကောင်း၊ လူမှုရေးအရ လည်းကောင်း ထိပ်တန်း လျှို့ဝှက်ချက်အဖြစ် ထားရှိရမည်ဖြစ်ကြောင်း၊ သို့သော် ယင်းလျှို့ဝှက် ထွက်ဆိုချက်သည် ယခုအခါ အွန်လိုင်းလူမှုရေး ကွန်ရက်စာမျက်နှာ (Facebook) ပေါ်တွင် ရောက်ရှိရုံမျှသာမက ပုဂ္ဂလိက သတင်းစာနှင့် ဂျာနယ်အချို့တွင်ပါ တရားဝင်ထုတ်ပြန်ချက် သဖွယ် ကူးယူ ဖော်ပြလာသည်ကို တွေ့ရှိရကြောင်း၊ ယင်းအတွက် မူးယစ်ဆေးဝါးနှင့် လုံးဝပတ်သက်ခြင်း မရှိသော အနုပညာရှင်များ၊ ပတ်သက်မှု ရှိခဲ့သော်လည်း ယခုအခါတွင် လမ်းမှန်သို့ လျှောက်လှမ်းရန် ကြိုးစားနေကြသော အနုပညာရှင်များ နှင့်တကွ မိသားစုများပါ ဂုဏ်သိက္ခာ ညှိုးနွမ်း ထိခိုက်ကြရသည်ကို စိတ်မကောင်းစွာ တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေနှင့် အထက်ပါ လုပ်ရပ်များကို ရပ်တန့်ပေးရန် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။

Moe Zay Nyein ဆိုသူ တင်ထားသည့် အကယ်ဒမီ စိုးမြတ်သူဇာ၏ ရန်ကုန် မူးယစ်အရှေ့ အထူးအဖွဲ့ စစ်ဆေးချက်ဟု ဆိုသည့် မှတ်တမ်းတွင် စိုးမြတ်သူဇာ ကိုယ်တိုင် ရာမဆေးပြားနှင့် WY ဆေးပြားသုံးစွဲကြောင်း ဖော်ပြထားပြီး ရုပ်ရှင်နှင့် ဂီတ နယ်ပယ်မှ ယင်းဆေးပြားများ သုံးစွဲမှုနှင့် ဆက်စပ်နေသည့် အနုပညာရှင်များ၏ အမည်များကိုလည်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

သရုပ်ဆောင် နဝရတ်၏ အစစ်ခံချက် ဟူ၍ တင်ထားသည့် မှတ်တမ်းတွင်လည်း Ecstay နှင့် WY ဆေးပြားများ သုံးစွဲကြောင်း ဖော်ပြမှုနှင့် အတူ ၄င်း၏အမည်နှင့် ဆက်နွှယ်၍ တပ်မတော်အရာရှိ အချို့၏ သားသမီးများနှင့် အနုပညာရှင် အချို့၏ အမည်များ ဖော်ပြထားသည်ကို တွေ့ရှိရသည်။

သရုပ်ဆောင် စိုးမြတ်သူဇာ၏ အမည်နှင့် အွန်လိုင်းပေါ်တွင် တင်ထားသည့် ရဲစစ်ချက် မှတ်တမ်းနှင့် ပတ်သက်၍ ၄င်းက ဒီဇင်ဘာလ ၂ ရက်နေ့တွင် ၄င်း၏ Facebook မှတစ်ဆင့် ပြောကြားရာတွင် အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး နာမည် ပါခဲ့သည့် အနုပညာရှင်များ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည့် အတွက် တောင်းပန်ကြောင်း၊ Moe Zay Nyine Account ပိုင်ရှင်ကို မသိရှိသလို မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ခဲ့သည်ကို နားမလည်ကြောင်း၊ ယင်း Account ပိုင်ရှင် တင်ထားသည့် အကြောင်းအရာ များကို တစ်ဦးတစ်ယောက် ကမျှ မထောက်ခံထား သည့်အတွက် လုံးဝ အမှန်ဟု မယူဆသင့်ကြောင်း၊ အနုပညာရှင် များ၏ အမည်များ ပါဝင်ခဲ့သည့်အတွက် အများကြီး ထိခိုက်နစ်နာစေပြီး လုပ်ဖော်ကိုင်ဖက် အချင်းချင်း သံသယကြောင့် ရင်းနှီးမှုကို ပျက်ပြား စေကြောင်း၊ ၄င်းသည် ယနေ့အချိန်အထိ မည်သူ့ကိုမျှ ထိခိုက်နစ်နာအောင် မလုပ်ခဲ့ကြောင်း၊ ယင်းအကြောင်းအရာများ အွန်လိုင်းတွင် ပေါ်ပေါက်ခဲ့ သည့်အတွက် မိမိနှင့် ပတ်သက်သော မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများနှင့် ပရိသတ်များ အားလုံး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသလို ကိုယ်တိုင်လည်း စိတ်ထိခိုက် နာကျင်ရကြောင်းနှင့် ၄င်းသည် ၄င်း၏ ရပ်တည်မှု အတွက် လိပ်ပြာသန့်ကြောင်း ပြောကြားခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U