Related Posts Plugin for WordPress, Blogger...

Sunday, December 1, 2013

မန္တလေး-ပုဂံ လေယာဉ်ထိုင်ခုံတပ် ရေယာဉ်များ နေ့စဉ် ပြေးဆွဲမည်

လေယာဉ်ထိုင်ခုံများ တပ်ဆင်ပေးထားမည့် ပထမဆုံးသော မန္တလေး-ပုဂံ ရေကြောင်း ခရီးစဉ်ကို ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်ကာ ပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါ ရေယာဉ်ပြေးဆွဲမည့် Aura Myanmar River Group တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

အဆိုပါ ရေယာဉ်သည် လူဦးရေ ၇၀ ဦးခန့် စီးနင်းလိုက်ပါနိုင်မည် ဖြစ်ပြီး မန္တလေး မရမ်းခြံဆိပ်ကမ်းမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာပြီး ညောင်ဦး ဆိပ်ကမ်းသို့ ညနေ ၅ နာရီကျော်တွင် ဆိုက်ကပ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ရေယာဉ်ခရီးခကိုတော့ မန္တလေးကနေ တစ်ဦး ဒေါ်လာ ၇၀ သတ်မှတ်ထားပါတယ်။ ပုဂံကနေ မန္တလေးကိုတော့ တစ်ဦးကို ၅၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီဇင်ဘာလ တစ်လလုံးကိုတော့ Promotion ချပေးထားပါတယ်။ ပထမဆုံး ပြေးဆွဲတဲ့ အထိမ်းအမှတ် အနေနဲ့ပေါ့။ မန္တလေး-ပုဂံကို တစ်ဦးကို ဒေါ်လာ ၅၀ နဲ့ ပုဂံ-မန္တလေးကို တစ်ဦး ၄၅ ဒေါ်လာပါ။ ပုဂံကနေ မန္တလေးကို ရေကြောင်းက ပြန်တာ နည်းလို့ ဈေးလျှော့ပေးထားတာ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

မန္တလေး-ပုဂံ အသွားခရီးစဉ်တွင် ကျေးရွာတစ်ရွာကို တစ်နာရီကြာ လေ့လာနိုင်မည့် အစီအစဉ်များ ပါဝင်မည် ဖြစ်ကြောင်း၊ ရေယာဉ် (သင်္ဘော) ပေါ်တွင်လည်း မြန်မာ့ရိုးရာ အစားအသောက်များနှင့် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေပွဲများ ပါဝင်မည် ဖြစ်ကြောင်း Aura Myanmar River Group တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“နိုင်ငံခြား ခရီးသွားတွေက မန္တလေးကနေ ပုဂံကို အခုဆို ရေလမ်းကနေ သွားတာကို နှစ်သက်ကြတယ်။ ဒါပေမဲ့ အများစုက ပုဂံကနေ မန္တလေး ပြန်ရင်တော့ ကားလမ်းကနေ ပြန်ကြတာ များတယ်။ ရေလမ်းကနေ သွားပြီး၊ ကုန်းလမ်းကနေ ပြန်တော့ သူတို့တွေအနေနဲ့ မြင်ကွင်းနှစ်ခုမြင် ရတာပေါ့။ သူတို့တွေကလည်း အလာတုန်းကလည်း ရေလမ်း၊ အပြန်ကျတော့လည်း ရေလမ်းဆိုတော့ ဒီမြင်ကွင်းနဲ့ ဒီလမ်း အတွေ့အကြုံ၊ ဒီပတ်ဝန်းကျင် အနေအထားကိုပဲ သိရမှာလေ။ ဒါကြောင့် သူတို့တွေက ပုဂံကနေ မန္တလေးကို ပြန်ရင် ကုန်းလမ်းကို ရွေးချယ်ကြတာ ဖြစ်နိုင်ပါတယ်” ဟု မန္တလေးမှ ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဦးဇော်စိုင်းက ရှင်းပြသည်။

ပုဂံဒေသသို့ ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက နေ့စဉ် နိုင်ငံခြား ခရီးသွားဦးရေ တစ်ထောင်နီးပါးခန့် လာရောက် လည်ပတ်မှု ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U