Related Posts Plugin for WordPress, Blogger...

Wednesday, January 29, 2014

အမေရိကန်နှင့် ဗြိတိသျှသူလျှိုများက မိုဘိုင်းဖုန်းများ၏ Application များထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး ပုဂ္ဂိုလ်ရေး အချက်အလက်များရယူ

အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) နှင့် ဗြိတိန်နိုင်ငံမှ ထောက်လှမ်းရေးအေဂျင်စီတို့သည် ပုဂ္ဂိုလ်ရေး အချက်အလက်များ ရယူရန်အတွက် မိုဘိုင်းဖုန်းများ၏ application များထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဇန်နဝါရီ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

ယင်းသည် အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေး အချက်အလက်များကို ဖွင့်ချခဲ့သူ အက်ဒဝပ်စနိုးဒင်ထံမှ ရရှိသော အထောက်အထားများဖြင့် နောက်ဆုံးဖော်ထုတ်ချက်များ ဖြစ်လာသည်။ NSA နှင့် ဗြိတိန်နိုင်ငံ၏ အစိုးရဆက်သွယ်ရေးရုံးချုပ်ဟုခေါ်သော ထောက်လှမ်းရေးအေဂျင်စီတို့သည် Google Maps သို့မဟုတ် Facebook၊ Twitter နှင့် အခြားဆားဗစ်များ၏ မိုဘိုင်းဗားရှင်းများ ကဲ့သို့သော စမတ်ဖုန်း app များထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းကို အသုံးပြုလျက် တည်နေရာနှင့် အခြားလျှို့ဝှက် အချက်အလက်များကို ရယူခဲ့သည်ဟုဆိုသည်။

ယခင် မီဒီယာများ၏ ဖော်ထုတ်ချက်များအရ NSA သည် အကြမ်းဖက်သမားဟု မသင်္ကာဖွယ်လူများနှင့် အခြားထောက်လှမ်းရေး ပစ်မှတ်များကို စောင့်ကြည့်လေ့လာရန်အတွက် ဖုန်းမှတ်တမ်းများ၊ SMS Text Message များ၊ အွန်လိုင်းဂိမ်းများနှင့် အခြားအင်တာနက် လိုင်းကြောင်းများထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

တစ်စုံတစ်ဦးသည် application တစ်ခုကို ဖွင့်လိုက်သည့်အခါ သို့မဟုတ် လူကြိုက်များသည့် ဂိမ်းတစ်မျိုးဖြစ်သော Angry Birds ကို ကစားသည့်အခါ သို့မဟုတ် Google Maps ကို စစ်ဆေးလိုက်သည့်အခါ သူလျှိုအေဂျင်စီများသည် အသုံးပြုသူ၏ တည်နေရာ၊ အသက်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိပ်စာများစာရင်းနှင့် အခြားအချက်အလက်များကို ရယူလိုက်နိုင်ကြောင်း နယူးယောက်တိုင်းမ်က ဖော်ပြသည်။

app များနှင့်ပတ်သက်သည့် သူလျှိုလုပ်မှု အတိုင်းအတာကိုလည်းကောင်း၊ သူလျှိုလုပ်မှု အသေးစိတ် အချက်အလက် များစွာကိုလည်းကောင်း ရှင်းရှင်းလင်းလင်း သိရှိရခြင်း မရှိဟု နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သည်။ ယခုကိစ္စနှင့်ပတ်သက်၍ NSA က ငြင်းဆိုခြင်းမရှိသော်လည်း သာမန်ပြည်သူများအပေါ် သူလျှိုလုပ်ခြင်းမရှိသည်မှာ လအတန်ကြာခဲ့ပြီ ဖြစ်ကြောင်းနှင့် ပုဂ္ဂလိက လွတ်လပ်ခွင့်ကို လေးစားကြောင်း ထပ်မံပြောကြားခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U