Related Posts Plugin for WordPress, Blogger...

Tuesday, January 14, 2014

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျောင်းသား ကျောင်းသူပေါင်း ငါးသိန်းရှစ်သောင်းကျော် စာမေးပွဲ ဖြေဆိုရန် လျှောက်ထား

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ တစ်နိုင်ငံလုံး အတိုင်းအတာအရ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူပေါင်း ငါးသိန်းရှစ်သောင်းကျော် ၀င်ရောက်ဖြေဆိုရန် စာရင်းပေးသွင်း လျှောက်ထားကြောင်း ပညာရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ တက္ကသိုလ်ဝင် စာမေးပွဲ ၀င်ရောက်ဖြေဆိုရန် စာရင်းပေးသွင်း လျှောက်ထားသူ ဦးရေမှာ ၅၈၈၄၇၃ ဦးရှိပြီး စာစစ်ဌာနပေါင်း ၁၂၈၅ ခု ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး၌ စာစစ်ဌာန ၁၂၉၆ ခုထားရှိခဲ့ပြီး စာမေးပွဲ ၀င်ရောက်ဖြေဆိုရန် လျှောက်ထားခဲ့သည့် စာရင်းရှိ ဦးရေမှာ ၅၃၁၃၀၇ ဦးရှိခဲ့သည့်အနက် ရာခိုင်နှုန်း ၉၀ ကျော် ၀င်ရောက်ဖြေဆိုခဲ့သည်။ ယခု ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် စာမေးပွဲဖြေဆိုရန် ယခင်နှစ်ကထက် စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ငါးသောင်းကျော် တိုးတက်လာခဲ့သည်။

“ဒီနှစ်တက္ကသိုလ်ဝင် စာမေးပွဲမှာ ၀င်ရောက်ဖြေဆိုဖို့ လျှောက်ထားတဲ့သူ ငါးသောင်းကျော် တိုးလာပါတယ်။ ဒါကလည်း တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံပညာ ကျောင်းတွေကို အဆင့်တိုးမြှင့် ခဲ့တာကြောင့်လည်း ပါပါတယ်။ စာစစ်ဌာနတွေကို ၁၂၈၀ ကျော် ထားရှိဆောင်ရွက်သွားဖို့ လျာထားပေမယ့်လည်း စာမေးပွဲ လိုအပ်ချက်၊ ဒေသလိုအပ်ချက်၊ အရေးပေါ် လိုအပ်ချက် မဖြစ်မနေ ထပ်တိုးဖို့ လိုအပ်တဲ့ အကြောင်းအရာတွေ ရှိရင်လည်း ထပ်ပြီးတိုးသွားဖို့ အစီအစဉ်တွေလည်း ရှိထားပါတယ်” ဟု ပညာရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၁၂ ရက်နေ့တွင် မြန်မာစာ၊ မတ် ၁၃ ရက် တွင် အင်္ဂလိပ်စာ၊ မတ် ၁၄ ရက်တွင် သင်္ချာ၊ မတ် ၁၇ ရက်တွင် ဓာတုဗေဒ၊ မတ် ၁၈ ရက် တွင် ရူပဗေဒ၊ မတ် ၁၉ ရက်တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊ မတ် ၂၀ ရက်တွင် ပထ၀ီဝင်၊ မတ်၂၁ ရက်တွင် သမိုင်း၊ မတ် ၂၂ ရက်တွင် စိတ်ကြိုက်မြန်မာစာ စသဖြင့် မိမိတို့သက်ဆိုင်ရာ ဘာသာတွဲအလိုက် နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဖြေဆိုရမည် ဖြစ်သည်။ အဆိုပါ စာမေးပွဲအတွက် စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များအကြောင်း သင်တန်းများကိုလည်း စာမေးပွဲ ကြီးကြပ်မည့် သူများသို့ ဇန်န၀ါရီ ၁၁ ရက်မှ ၁၂ ရက်အထိ မြန်မာနိုင်ငံစာစစ် ဦးစီးဌာနမှ ပို့ချပေးခဲ့ပြီး ဖြစ်သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U