Related Posts Plugin for WordPress, Blogger...

Monday, January 20, 2014

စက်လှေကားပါဝင်သည့် လူကူးခုံးကျော်တံတားသစ်တစ်စင်းကို ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းအနီးတွင် စတင်ဆောက်လုပ်ရန် စီစဉ်





ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းရှေ့ ကမ်းနားလမ်းဟောင်းပေါ်ရှိ လူကူးမျဉ်းကျားတွင် လမ်းကူးနေသူများအားတွေ့ရစဉ်(အောင်မျိုးသန့်)


စက်လှေကားထည့်သွင်း တည်ဆောက်မည့် ပထမဆုံးလူကူးခုံးကျော်တံတား တစ်စင်းကို ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းအနီးတွင် စတင်ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ လူကူးခုံးကျော်တံတားကို ကမ်းနားလမ်း(လမ်းဟောင်း)နှင့် ကွန်တိန်နာနှင့် အခြားယာဉ်များပါသွားလာနေသည့် ကမ်းနားလမ်းသစ်တို့ကို ဖြတ်ကျော်၍ ဆောက်လုပ်သွားရန် စီစဉ်လျက်ရှိပြီး အဆိုပါနေရာမှာ ယာဉ် ကြောများ ရှုပ်ထွေးသောကြောင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ တည်ဆောက်ပေးရန် စီစဉ်နေခြင်းဖြစ်သည်ဟု သိရသည်။

“စက်လှေကားပါတဲ့ လူကူးခုံးကျော်တံတား ဆောက်ဖို့တော့ရှိတယ်။ ဘယ်အချိန် စလုပ်ဖြစ်မယ်တော့ မသိရသေးဘူး”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စက်လှေကားပါဝင်သည့် လူကူးခုံးကျော်တံတားသစ်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုတို့ ပူးပေါင်း၍ ဆောက်လုပ်သွားမည်ဟု ကနဦးသတင်းများအရသိရပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန်နှင့် ပူးပေါင်းဆောက်လုပ်မည့် ကုမ္ပဏီမှ တာဝန်ရှိသူများက တံတားဆောက်လုပ်မည့် မြေနေရာအခြေအနေများကို ကြည့်ရှုလေ့လာခဲ့ပြီး ဖြစ်ကြောင်းနှင့် တံတားအတွက် ဒီဇိုင်းပုံစံများမှာမူ မထွက်ရှိသေးကြောင်း သိရှိရပါသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဘဏ္ဍာငွေအသုံးစရိတ်လျာထားချက်တွင် ပန်းဆိုးတန်း၌ လူကူးခုံးကျော်တံတား တည်ဆောက်ရေးအတွက် ငွေကျပ်သန်း ၄၅၀ သုံးစွဲမည်ဟု လျာထားချက်ရှိနေပြီး ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက်ရှေ့တွင် လူကူးခုံးကျော်တံတား တည်ဆောက်ရေးအတွက် ငွေကျပ်သန်း ၃၀၀၊ လမ်းမတော်မြို့နယ် လမ်းသစ်လမ်းတွင် လူကူးတံတားတည်ဆောက်ခြင်းအတွက် ငွေကျပ်သန်း ၂၇၀ နှင့် အင်းစိန် လမ်းမကြီး လှည်းတန်း မီးပွိုင့်အနီး လူကူးတံတား တည်ဆောက်ခြင်း အတွက် ငွေကျပ်သန်း ၈၀ တို့ကိုလည်း လျာထားကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U