နေဝန်းနီ(မန္တလေး) – “တချိန်တုန်းက ထောင် ဆိုတာ”
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၄
“ထောင်ဆိုတာ သွားလို့ကောင်းတဲ့နေရာမဟုတ်။”
အခုခေတ်လူငယ် လေးတွေပြောနေကြပါတယ်။ ထောင်ကျတော့ ဘာဖြစ်လဲတဲ့။ အဲလို အသံတွေ မကြာမကြာ ကြားလာရတော့။ အသိပညာ ဗဟုသုတ ရစေ၊ ရေးမယ်ဆိုပြီး ရပ်ကွက်ထဲက ထောင်ကျဘူးသည့် ဦးလေးတစ်ယာက် နှင့် အလုပ်ပြီးချိန်တိုင်း တစ်ပတ်တိတိ မပျက်မကွက်ဘဲ စကားသွားပြောဖြစ်ခဲ့သည်။ လွန်ခဲ့သော အနှစ် (၂၀) ခန့် ထောင်တွင်း နေထိုင်မှုများကို ရေးသားတင်ပြပါမည်။
သူ ထောင်ကျသည့် သက်တမ်းမှာ ရှစ်လ သာရှိပေသည်။ သက်တမ်းမှာ မများလှသော်လည်း နားထောင်ခဲ့ရသည့် ကျွန်ုပ်အဖို့မှာတော့ ကြက်သီး ဖျန်းဖျန်းထခဲ့သည်။ အမှတ် ၅ ရဲစခန်း၌ တစ်လကြာ ထိန်းသိမ်းခံရပြီးနောက် အိုးဘိုထောင်ကြီးချုပ်သို့ ပြောင်းရွေ့ခဲ့ရသည်။ သူ၏ထောင်ဝင်နံပါတ်မှာ ၄၇၂၃/ခ ဖြစ်သည်။ (ခ) ဆိုသည်မှာ အချုပ်ကျခြင်းကို ဆိုလိုသည်။ ၄၇၂၃/က(က) ဆိုတာကတော့ (အကျ) ထောင်ကျခြင်းကို ကိုယ်စားပြုသည်။ ထိုဦးလေးမှာ (ခ) ဘဲရှိသေးသည်။
အိုးဘိုထောင်ရောက်သည့် ရက်မှစ၍ တစ်ပတ်တိတိ ထမင်းမစားပေ။ အဘယ်ကြောင့်ဆိုသော် စားဖိုချောင်မှ ချက်သည့် ထမင်းသည် ဝက် တောင် မတောင်းပေ။ ထမင်းချက်ပြီဆိုရင်လဲ နှာခေါင်း ထဲတွင် ဖွဲနံ့များ ဝင်လာသဖြင့် ပျို့တက်ပြီးစားလို့မရပေ။နောက်တော့မှ ကျင့်သားရပြီး ထမင်း စားလို့ရသွားသည်။မနက်ကို ငါးပိအစိမ်း နဲ့ ပဲဟင်းကျွေးပြီး ညနေပိုင်းတွင် “တာလဘော” ဟင်းရည်နှင့် စားရသည်။ တာလဘောဆိုတာက ထောင်တွင်းမှာစိုက်ထားတဲ့ ဟင်းရွက်တစ်မျိုးကို ခူးပြီး တောက်တောက်စင်း အမြစ်တွေလဲပါ၊ အရိုးတွေလဲပါတာပေါ့။ ထောင်ထဲမှာ သူတို့အချင်းချင်းနာမည်ပေးထားတာက ဝက်ခေါင်းရမ်း ဟင်းရည်တဲ့။ဝက်ကို သွားတိုက်ရင်တောင် မသောက်ဘဲ ခေါင်းရမ်း ပြမယ့် ဟင်းရည်လို့ အဓိပ္ပာယ်ရတယ်။
ဗုဒ္ဓဟူးနေ့ဆိုရင် အမဲသား ကျွေးသည်။ အမဲသား မစားသူက ကြက်ဥတစ်လုံး ရသည်။ အမဲသားကလည်း ကောင်းကောင်း ကန်းကန်း ချက်ပြုတ်ထားခြင်း မဟုတ်ပေ။ ထမင်းထဲတွင်လည်း စပါးလုံးအဖွေးသားနှင့်။ ဖယ်ပစ်ရင်လဲ အရိုက်ခံရသည်။
“ထောင်ပိုင်ကိုတင်ပြတော့ ထမင်းကလည်း အကောင်း။ အသားဟင်းကလည်း အကောင်း။ ငါးပိဆိုရင်လဲ ရှယ်မှရှယ်ဘဲ။ ငါတို့ကို ကျွေးတာကြ တခြားပါ ကိုနေ … ရာ။ ငါးပိမရတဲ့ နေ့တောင်ရှိသေးတယ်။ အဲလိုမျိုးနေ့ရှိမယ်ဆိုတာသိလို့ ငါးပိကို တစ်ဝက်စား တစ်ဝက်ကို သိမ်းထားရပေါ့။ ငါက တစ်ကောင်ကြွက်လေ ကိုနေ … ရ။ ဘယ်သူမှထောင်ဝင်စာ လာမတွေ့ဘူး။”
နောက်တော့ သူတို့မသိအောင် စပါးလုံး ဖယ်စားရသည်။ ရေချိုးပြီဆိုရင်လဲ ဝဝလင်လင် မချိုးရပေ။ “ပုံစံ” နှင့် ချိုးရပေသည်။ တန်စီးတို့အမိန့်ပေးမှုကို စောင့်နေရသေးသည်။ ခပ်ဆိုလျှင် ခပ်ထားရသည်။ ချိုးဆိုမှ ချိုးရသည်။ ခပ်ပြီးတန်းချိုးလို့ကတော့ ဘာပြောကောင်းမလဲ။ ရေစိုစိုနဲ့ ကျောပြင်ကို ကြိမ်လုံးက လာတော့တာပဲဟေ့။ ရေမချိုးရတဲ့ရက်တွေက ရှိသေးတယ်။ အဲဒီလို ရက်မျိုးတွေဆိုရင် ချိုးပြီးသားရေကိုပြန်ချိုးရတယ်။ ရေကမလောက်ဘူးလေ။
ည အိပ်ရာဝင်ရင်လည်း ၅ မိနစ် သက်သာခွင့် ပေးတယ်လေ။ အဲဒီချိန်ဆိုရင် စကားပြောသူကပြော၊ အနှိပ်ခံတဲ့လူက အနှိပ်ခံပေါ့။ တစ်ခါအနှိပ်ခံရင် ငွေနဂါးဆေးလိပ် သုံးလိပ်ပေးရတယ်။ ပိုက်ဆံအစားပေါ့ကွာ။ ပိုက်ဆံကမသုံးရဘူးလေ။ ရုံးထုတ်ရက်ဆို ငါပျော်တယ် ကိုနေ … ရ။ အပြင်ထွက်ရတယ်။ လက်ဖက်ရည် သောက်ရတယ်။ ထောင်ထဲမှာက လက်ဖက်ရည်ကို “ဒေါင်”လို့ခေါ်တာကွ။ အစကတော့မသိပါဘူးကွာ။ ဒေါင်တွေရမယ်၊ ဒေါင်တွေလို့ လိုက်ရောင်းနေတာ ငါက မေးကြည့်တာပေါ့။ ဒေါင်ဆိုတာဘာလဲလို့။ သူတို့ကပြောတယ်။ လက်ဖက်ရည်ကို အင်္ဂလိပ်လို ဘယ်လို ခေါ်လဲတဲ့။ ငါလဲပြောတာပေါ့ “တီး” လို့။ သူတို့ကဆက်ပြောတယ်။ တီးတော့ ဘယ်လိုအသံထွက်လဲ။ “ဒေါင်” လို့ထွက်တာမဟုတ်လား။ အေး.. အဲဒါပဲ။
ငါ့မှာကွာ ရယ်လိုက်ရတာ။ တချို့ အရက်သမားတွေက အရက်နဲ့ ဒေါင်ကို ရောသောက်ရတယ်။ ခိုးသောက်ရတာဆိုတော့ မရှိ၊ ရှိတာ သောက်ရတာပေါ့ကွာ။ နောက်တစ်ခုက လက်နှိပ်စက် စာရေးကြီးက ကွမ်းယာရောင်းတာကွ။ အဲဒီထဲမှာ နံပါတ်ဖိုးပါတယ်ကွ။ ငါ့ကိုလဲ ဖိုးသမားကပြောလို့သိတာဟေ့။
နောက်တစ်ခုက ထောင်ထဲမှာညပိုင်း ရေသောက်၊ သေးပေါက်၊ အီးပါ အစီစဉ်အတိုင်း ပြောရတာကွ။ ဥပမာကွာ ထောင်ဝင်နံပါတ် ၄၇၂၃/ခ ရေသောက် လို့ အိပ်နေရင်းက အော်ရတယ်။ တန်းစီးရဲ့ သွား လို့ ပြောတဲ့ အသံကြားမှ သွားရတာ။
ရေသောက်ဆို ရေပဲသောက်ရတယ်။ သေးမပေါက်ရဘူး။ သေးပေါက်ချင်ရင် ရေသောက်သေးပေါက်လို့အော်ရသည်။ အီးပါချင်တယ်ဆိုရင်လဲ။ အီးပါလို့ အော်လို့မရပေ။ သေးပေါက်အီးပါလို့ အော်ရသည်။ ငါတို့တွေ ပေါက်တဲ့သေးတွေကို ငါ့တို့ကိုကျွေးတဲ့ ဟင်းရွက်တွေမှာဖြန်းတယ်ဟေ့။တစ်ကယ်တန်းငါ ကျတာက ၆ လပဲကွ။ ငါနေရတာက ၈ လ။ ၂လပိုတယ်။ အလျော် မရဘူးကွ။ မြန်မာနိုင်ငံလေ။ နိုင်ငံခြားတွေမှာ အလျော်ရတယ် ကိုနေ။
ဟုတ်ကဲ့ပါ လေးလေး။ အခုလို ပြောပြပေးလို့ လေးလေးကို ကျေးဇူးတင်ပါတယ်
ကျွန်တော် စာစီပြီး ရေးပြီနော် လေးလေး။
အေးပါ …..ကိုနေ ….ရေးပါ ရေးပါ။
0 comments:
Post a Comment