Related Posts Plugin for WordPress, Blogger...

Sunday, June 23, 2013

ထမင်းဆိုင်အက်ဆေး
ဆောင်းပါးရှင်- သင်းသင်းသော်
mood ဂျာနယ်၊ အတွဲ(၁) ၊ အမှတ် (၁၂)

လမ်းလျှောက်လာသူလာ၊ စက်ဘီးစီးလာသူကလာ၊ ဆိုင်ကယ်နဲ့ တစ်မျိုး၊ ကားနဲ့တစ်ဖုံ ဒီနေရာလေးကို ၀င်ချည်ထွက်ချည်နဲ့ နေ့ရောညပါ အမြဲစည်ကားနေခဲ့သည်။
အခြားတော့မဟုတ်။ ကျွန်မတို့လို လူများစွာအတွက်၊ နာရီတိုင်းမှာ ဘ၀ရပ်တည်ဖို့ လှုပ်ရှားရုန်းကုန်နေကြသူများအတွက် အချိန်ကုန်သက်သာပြီး ၀မ်းတစ်ထွာကို ဖြည့်ဆည်းပေးနိုင်တဲ့ လမ်းကြားက ထမင်းဆိုင်လေးတွေ ဖြစ်သည်။

မန္တလေးရဲ့ နေရာတော်တော်များများမှာ ဒီလိုထမင်းဆိုင်လေးတွေ အစီအရီဖြစ်နေခဲ့တာ ကြာပါပြီ။ တစ်ချို့က ဟိုးအရင် ကျွန်မတို့ငယ်ငယ်ကတည်းက ဆိုင်ကြီးကနားကြီးနဲ့ ခန့်ခန့်ထည်ထည် ဖွင့်ခဲ့ကြသည့် ထမင်းဆိုင်ကြီးတွေ၊ တစ်ချို့ကတော့ မြို့နေလူထု လိုအပ်ချက်အရ ဖွင့်ဖြစ်ခဲ့ကြတဲ့ ညဘက် တစ်ခါပြင် ထမင်းဆိုင်လေးတွေ။ ဘယ်လိုပဲဖွင့်ဖွင့် ၊ ဘယ်နေရာမှာပဲဖွင့်ဖွင့် ဈေးဦးမပေါက်ဖူးဆိုတာမရှိ။ အရောင်းပါးတယ်လို့လည်း ပြောသံမကြားရ။ အခုနောက်ပိုင်း ပိုလို့ပင် ရောင်းကောင်းနေသည်ဟု ထင်မိသည်။

အားလုံး၏ ရောင်းကုန်ကတော့ ကျွန်မတို့ လူအများအတွက် မရှိမဖြစ် လိုအပ်နေသည့် အစားအသောက်ဆိုင်နဲ့ ထမင်းဆိုင်တွေပဲ ဖြစ်သည်။

မန္တလေးမြို့ ၃၃လမ်း၊ ၇၂x၇၃ ကြား လမ်းကြောတစ်လျှောက်လုံးမှာ မန္တလေးအခေါ် တစ်ပြလုံးမှာ ဒီလို ထမင်းဆိုင်လေးတွေ က အစီအရီ နေရာတကျ တည်ရှိနေပါသည်။ အသွားအပြန် လမ်းဘေး ဘယ်ညာ နှစ်ဖက်စလုံး ကိုယ်စားချင်တဲ့ ဆိုင်မှာ ၀င်စားလို့ရသည်။ ဟိုဆိုင်ဒီဆိုင် စိတ်ကြိုက် ရွေးချယ်နိုင်သည်။

၇၂ လမ်းဘက်ကနေ ၀င်မယ်ဆိုရင်တော့ လမ်းရဲ့ ညာဘက်ထောင့် ကွေ့ကွေ့ချင်းမှာ `ကောင်းသန့်´ ရှမ်းထမင်းဆိုင်ရှိသည်။ ဟိုးအရင်တုန်းကတော့ ဒီလိုရှမ်းထမင်းဆိုင်က မန္တလေး နေရာကျဲကျဲမှာ ဟိုတစ်ဆိုင် ဒီတစ်ဆိုင် ဖွင့်ကြသည်။ လူဖျောက်ဖျောက် လာရောက်စားသောက်ကြသည်။ မြန်မာတို့ရဲ့ ထုံးစံအရ အိမ်ထမင်း အိမ်ဟင်းကို ခုံမင်ကြသည်။ ထမင်းစားပွဲဝိုင်းကြီးပေါ်တွင်အချိုအချဉ် အသားငါး၊ အသီးအရွက်ကြော်နဲ့ ငါးပိရည် အတို့အမြှုပ် ၊ ချဉ်ရည်ဟင်းလေး နဲ့ ဖွယ်ဖွယ်ရာရာ ချက်ပြုတ် တည်ခင်းပေးတတ်သည့် မြန်မာအိမ်ရှင်မတွေရဲ့ လက်ရာကို အိမ်ထောင်ဦးစီးနဲ့ သားသမီး ပျော်ပျော်ပါးပါး ထမင်းလက်ဆုံ စားခဲ့ကြသည်။

အချိန်မအား၊ စားပွဲဝိုင်းမှာ ထမင်းလက်ဆုံ မစားနိုင်ရင်တောင်မှ အိမ်ရှင်မ ထည့်ပေးလိုက်သည် ထမင်းချိုင့်က နေ့လည်စာကို ကောင်းကောင်းစားနိုင်ခဲ့ကြသည်။ ကျွန်မတို့လည်း မိဘက ချက်ပြုတ်ပေးသော ထမင်းဟင်းကို ချိုချိုမြိန်မြိန် စားသောက်ခဲ့ရပါသည်။ လောကမှာ မိသားစု ထမင်းဝိုင်းထက် နွေးထွေးပြီး ချိုမြိန်တဲ့ အရာရှိနိုင်လိမ့်မည်ဟု ကျွန်မ မထင်ခဲ့။ လူတိုင်းလည်း အိမ်ထမင်း အိမ်ဟင်းကို လွမ်းကြပေလိမ့်မည်။

`ကောင်းသန့်´ ရှမ်းထမင်းဆိုင်ကလေးသည် ကျယ်ကျယ်ပြန့်ပြန့် ။ အဲယားကွန်းခန်းနဲ့ တည်ခင်းစားသောက်ရတဲ့ ဆိုင်မျိုးတော့ မဟုတ်။ ရွက်ဖျင်တဲထိုးကာ စားပွဲခုံတွေကို အတန်းလိုက် တန်းထားသည်။ ခုံရှည်သုံးလုံးပေါ်တွင် မှန်ကောင်တာ သုံးခုကို ညီညီညာညာ ချခင်းထားသည်။ မှန်ကောင်တာထဲတွင် အမျိုးအမည် စုံလှသော အသားဟင်းနဲ့ အရံဟင်းလျာများကို စတီးဇလုံတွေထဲမှာ တစ်မျိုးချင်းစီ ထည့်ခင်းထားသည်။

မိမိတို့ ကြိုက်နှစ်သက်သည့် အသားဟင်းနှစ်မျိုးနှင့် အရံဟင်းသုံးမျိုးကို ရွေးချယ်မှာယူပြီး နှစ်သက်သည့် နေရာတွင် ထိုင်ကာ စားသောက်နိုင်သည်။ ၀က်သားချဉ်စပ်၊ ကြက်ကုန်းဘောင်၊ ၀က်သားကြော်၊ ငါးချဉ်စပ်၊ ငါးခြောက်ထောင်းကြော် အစရှိတဲ့ ဟင်းအမျိုးအမည် များစွာထဲကမှ ကိုယ်ကြိုက်နှစ်သက်ရာကို မှာယူကြသည်။ ကိုယ်တိုင်ယူ စနစ်မို့ ဘယ်အချိန် လာချပေးမလဲ မျှော်နေစရာ မလိုတော့။ တစ်ခါပြင်စားလျှင် ငွေကိုးရာကျပ် ပေးရသည်။ ရေသန့်ပါ မှာသောက်ရင်တော့ထမင်းတစ်ပွဲ ရေတစ်ဗူးကို ၁၂၀၀ ကျပ် ကုန်ကြသည်။

ထမင်းဆိုင်ထဲသို့ ကားကြီးတစ်စီး ထိုးစိုက်လာသည်။ အမျိုးသမီးတစ်ယောက် ဆင်းလာပြီး စိတ်ကြိုက်ဟင်းလျာများ မှာယူစားသောက်သည်။ ထို့အပြင် ထမင်းဘူး သုံးဗူး ပါဆယ်ဆွဲသွားသည်။ ယခင်ကဆိုလျှင် ထမင်းဆိုင်ဆိုသည့် နေရာသည် အဆောင်နေ ကျောင်းသားတို့အတွက်၊ တစ်ယောက်တည်းနေသူများအတွက် ၊ အလုပ်မှာ မိုးလင်းမိုးချုပ်နေရသူများ အတွက်သီးသန့်လိုဖြစ်နေခဲ့သည်။ ထမင်းထုပ် ပါဆယ်ဆွဲလာတာမြင်လျှင် တစ်ကိုယ်တည်း သမားလို့ ချက်ခြင်းသိနိုင်သည်။ ထမင်းဆိုင်မှာ နေ့ခင်းဘက် လူငယ်တွေ ၀ိုင်းထိုင်နေလျှင် ၀န်ထမ်း(သို့) အဆောင်နေ နေသူတွေဟု တန်းသိနိုင်လောက်အောင် ယင်းထမင်းဆိုင်လေးများသည် လူ့ဘ၀အတွက်အရေးပါ အရာရောက်ခဲ့သည်။

ခေတ်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ ထမင်းဆိုင်တွေမှာ ယူနီဖောင်းဝတ်ကုမ္ပဏီ ၀န်ထမ်းလေးတွေ ၊ အဆောင်နေကျောင်းသားလေးတွေတင်မဟုတ်တော့။ တကူးတက လာရောက်စားသောက်ကြတဲ့ မိသားစုတွေ ရှိလာသည်။ အမျိုးသမီးတွေပါ လာရောက်မှာယူလာကြပြီ။ တစ်ခါပြင် ကိုးရာကို ဈေးကြီးသည်ဟု မသတ်မှတ်ကြတော့ ။ မိမိတို့အတွက် ငွေကိုးရာထက် အရေးကြီးသော အချိန်ကိုသာ လိုအပ်နေကြသည်။

`၁၀၀၀`ဆိုရင် မိသားစု ငါးယောက် ထမင်း သုံးရက်စာလောက်ငှသည်ဟု အဖေက ပြောပြခဲ့ဖူးသည်။ မိမိတို့ ကိုယ်တွေ့မဟုတ်လို့ သိပ်တော့ မယုံချင်။ သို့သော် မိမိတို့ ကျောင်းတက်ခါစ လွန်ခဲ့တဲ့နှစ် နှစ်ဆယ်တုန်းကတော့ ငွေတစ်ရာ မုန့်ဖိုးရလျှင် သူငယ်ချင်းတွေကြားမှာ သူဌေးဟုပင် အခေါ်ခံခဲ့ရသည်။ အခုတော့ တူတော်မောင်ကို ငွေတစ်ထောင် မုန့်ဖိုးပေးလျှင်တောင် မျက်နှာက ခပ်စူစူ။ ကွာခြားလာတဲ့ ကာလတွေထဲမှာ အချိန်တွေကိုလည်း လုယူနေကြရသည်။ ယနေ့ခေတ် ငွေတစ်ထောင်သည် လက်ဖက်ရည်ဆိုင်မှာ လူနှစ်ယောက် ထိုင်လို့မရ။ စားပွဲတစ်ဝိုင်းစာ ထမင်းဟင်းပြင်လို့မရ။

ပါဆယ်ယူပြီး မောင်းထွက်သွားတဲ့ကားကို ကြည့်ပြီးမှ အတွေးစက နဂိုနေရာကို ပြန်ရောက်လာသည်။ သူလည်း အချိန်လိုအပ်နေသူ ဖြစ်လိမ့်မည်ဟုထင်မိသည်။ မီးဖိုချောင်မှာ ထမင်းဟင်းချက်ရင်း အချိန်ကုန် မခံနိုင်ကြတော့။ အမျိုးသားများနည်းတူ အမျိုးသမီးများလည်း ၀င်ငွေရှာရမည်။ တစ်ဦးတစ်ယောက်တည်းရဲ့ လုပ်ခလစာနဲ့ မိသားစု စားဝတ်နေရေးကို မဖြေရှင်းနိုင်ကြတော့။ အတူတူ ရင်ဘောင်တန်းပြီး လုပ်ငန်းခွင်ဝင်ကြရသည်။ ထမင်းဟင်းချက်ရင်း ကုန်မည့်အချိန်တွေကို အလုပ်လုပ်ရင်း ငွေရှာလာကြသည်။

အိမ်စရိတ်၊ ကျောင်းစရိတ်၊ ကျူရှင်စရိတ်၊ သင်တန်းစရိတ် အပြင် သွားရေးလာရေးအတွက် ဓာတ်ဆီဆိုး၊ ဆိုင်ကယ်ပြင်ခ၊ ရေဖိုး၊ မီးဖိုး၊ အစစအရာရာ ဈေးက မြင့်တက်လာသည်။ အဖိုးက အဖွားအော်ရလောက်အောင်ကုန်ဈေးနှုန်းကလည်း နောက်ကျကျန်မနေရစ်။ ရှေ့ကို ပြေးလွန်းနေသည်မို့သာ လူတွေမျက်ဖြူဆိုက်လို့ ဟပ်ပဒက် လိုက်နေခဲ့ကြတာလည်း ကြာခဲ့ပါပြီ။ ထို့ကြောင့် ကျွန်မတို့လို သားတွေသားသမီးတွေက နိုင်တဲ့ဝန်ကို ကိုယ်တိုင်ထမ်းယူခဲ့ကြသည်။ လူပိုမရှိမှ အိမ်စရိတ် ကာမိရုံရှိပါလိမ့်မည်။ ဒါကြောင့်လည်း လူတိုင်း ကျားမ မရွေး အလုပ်ထွက်လုပ်နေခဲ့ကြခြင်းဖြစ်ပါသည်။

အိမ်ထမင်းအိမ်ဟင်းလို အသွန်သဏ္ဍန် တူတဲ့ ဒီလို ထမင်းဆိုင်တွေမှာ မြန်မြန်လာစားကြသည်။ ဇွန်းဆေ၊ ခွက်ဆေး၊ ပန်းကန်ဆေးရမယ့် အလုပ်လည်း အချိန်ပေးစရာမလိုတော့သလို ဘာဟင်းချက်ရမလဲဆိုတဲ့ ၀င်ငွေနဲ့တိုင်းထွာရတဲ့ ထမင်းစားပွဲကိုလည်း ပြင်ဆင်မရာမလိုတော့ ။ အဲဒီအတွက် ပိုထွက်လာတဲ့ အချိန်တွေကို အလုပ်လုပ်ရင်း ကုန်ဆုံးကြသည်။ လူတွေ ဘောလကြီးလွန်းလို့တော့ ဟုတ်လိမ့်မတူ။ တစ်ယောက်လုပ်စာကို မိသားစုထိုင်စားနိုင်လောက်တဲ့အခြေနေမျိုး ခေတ်မျိုးမဟုတ်တော့သော ကြောင့် ဖြစ်သည်။

ကောင်းသန့်ထမင်းဆိုင်ရဲ့ ဘေးမှာ သုံးရာသီ အအေးဆိုင်၊ အင်တာနက်ဆိုင်၊ `လားရှိုး´ထမင်းဆိုင်၊ အဲဒီဘေးကမှ လက်ဖက်ရည်ဆိုင်၊ နောက် ၇၂ လမ်းကနေ ၀င်လိုက်ရင် လမ်းရဲ့ ဘယ်ဘက်ခြမ်း `ကောင်းသန့်´ရှမ်းထမင်းဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာ `သရဖူ´ မြန်မာထမင်းဆိုင်၊`စိန်ဖူးဝါ´၊ `ရွှေကမ္ဘာ´၊ `စံထိပ်ထား ´အလှပြင်ဆိုင်နဲ့ ၇၃x၃၃ လမ်းထောင့်မှာတော့ ´အေးချမ်းမြေ ´ရှမ်းထမင်းဆိုင် ရှိသည်။

ဒီလမ်းကြားလေး တစ်လျှောက်လုံးမှာ ထမင်းဆိုင်တွေ အများကြီး ရှိနေပေမယ့် ဆိုင်တိုင်းမှာ သူ့ဖောက်သည်နဲ့ သူရှိနေကြသည်။ အချိန်ပြည့် စားပွဲဝိုင်းတိုင်းမှာ စားသောက်သည့်သူ ရှိနေသည်။ နံနက်ခင်း ဖွင့်ကာစမှာ ဟင်းအမျိုးအမည်တွေများစွာ တည်ခင်းထားတဲ့ ဟင်းဇလုံကြီးတွေက နေ့ခင်းဘက်ဆိုရင် မရှိသလောက် နည်းသွားလို့ ကိုယ့်စိတ်ကြိုက် မရလိုက်သူတွေက နောက်တစ်ဆိုင်ကို ကူးကြသည်။

ကြာသပတေးနေ့တိုင်း ညလုပ်ဆင်းရတဲ့ ကျွန်မတို့လို ၀န်ထမ်းတွေအတွက် ညစာထမင်းချိုင့်ယူဖို့က အဆင်မပြေ။ တနေကုန် ထမင်းချိုင့် တကားကားနဲ့ သွားနေရမယ့် ၀န်ထုတ်ဝန်ပိုးကိုလည်း လျော့ချနိုင်သမျှ လျှော့ချလိုသည့်အတွက် ညဘက် ထမင်းစားတဲ့အခါ ဒီလမ်းကြားလေးသို့ပင် ရောက်ရောက်လာတတ်သည်။

`ဒီနေ့ ငါးပိရည်လေးနဲ့ အတို့အမြှုပ်လေးနဲ့ စားရအောင်´ ။ ကျွန်မနဲ့ အတူတူ ညဘက်အလုပ်ဆင်းတဲ့ အကိုတစ်ဦးက ပြောလိုက်တော့ `ကောင်းသန့်´ထမင်းဆိုင်လေးကို ကျော်ပြီး `သရဖူ´မြန်မာထမင်းဆိုင်လေးမှာ ၀င်ထိုင်လိုက်ကြသည်။ အသားဟင်းနှစ်မျိုးနဲ့ အရံဟင်း နှစ်မျိုး စိတ်ကြိုက်မှာကြသည်။မှန်ကောင်တာထဲမှာ ထည့်ထားတဲ့ ဟင်းတွေက အမျိုးစုံ။ဝက်သားချက်၊ မျှစ်နဲ့ ၀က်သား၊ ၀က်ပုန်းရည်၊ ငါးကြော်၊ ငါးချက်၊ ကြက်သားကြော်၊ ကြက်သားချက်၊ ကြက်ဥကြော်၊ ကြက်ဥချက်၊ ငါးဥချက်၊ ဆိတ်သားချက်၊ ငါးသေတ္တာချက်၊ အားလူးသုပ်၊ လ္ဘက်သုပ်၊ ပြောင်းဖူးကြော် စသည်..စသည် စားစရာတွေက စိမ်းစိမ်းစိုစို စုံစုံလင်လင်၊ သန့်သန့်ရှင်းရှင်းမို့ အတွေမထူပြောဘဲ သက်တောင့်သက်သာ စားနိုင်ခဲ့သည်။ တို့စရာနဲ့ ငါးပိရည်ကတော့ ထမင်းစားပွဲပေါ်မှာ အဆင်သင့်။ ချဉ်ပေါင်ချည်ရည် ပူပူလေး လာချပေးသည်။ မြန်မာပါးစပ်မို့ မြန်မာငါးပိရည်နှင့်တွေ့တော့ စကားတောင် မပြောနိုင်ကြ။ရာသီဥတုပူပေမယ့် ဟင်းရည်ပူပူကို မှုတ်သောက်ကြသည်။

အိမ်ကိုပြန်ပြီး ထမင်းစားဖို့ကလည်း မဖြစ်နိုင်ပါ။ ရုံးကနေ အိမ်ကိုပြန်ရမည့်အရေး၊ ဆိုင်ကယ်ထုတ်ရဦးမည်။ ကားဆိုင်ကယ်ရှုပ်ထွေးနေတဲ့ လမ်းမကျယ်ကြီးတွေကို ဖြတ်ကျော်ရဦးမည်။ အိမ်ကို ရောက်သော် ထမင်းဟင့်က အဆင်သင့်ရှိမရှိ မသိနိုင်။ ဟင်းမရှိလျှင် ကြက်ဥကြော်ရဦးမည်။ မီးမလာပါက မီးမွှေးရတဲ့ ဇာတ်လမ်းက တစ်ဒုက္ခ ။ ဒါကြောင့် အချိန်တွေကို ချုံ့လိုက်သလို လူလည်း မပင်ပမ်းတဲ့ ဒီထမင်းဆိုင်လေးမှာ လာစားလိုက်တော့ ပိုတဲ့အချိန်တွေကို အလုပ်ပိုလုပ်နိုင်သည် မဟုတ်ပါလား။

`ထမင်းချက်နေလည်း အပိုပဲ။ စားနိုင်တာလည်း မဟုတ်ဘူး။ ရာသီဥတုကပူတော့ ရုံးကပြန်လာရင် ထမင်းကသိုးချင်သိုးနေမှာ။ ပြန်လာမှ ချက်မယ်ဆိုရင်လည်း အဆင်မပြေဘူး။ ဒါကြောင့် တစ်ရာတန် ထမင်းတစ်ထုပ်နဲ့ ဟင်းသုံးရာဖိုး ၀ယ်လာတယ်။ အ၀စားပြီး ပိုတာကိုတောင် ခွေးကျွေးလို့ရတယ်´လို့ ထမင်းထုပ်ကို ဖြည်ရင်း အဒေါ်လုပ်သူက ပြောခဲ့သည်။ ဟုတ်ပေလိမ့်မည်။ တစ်ယောက်တည်း တစ်ကိုယ်တည်းနေတဲ့ အဒေါ်အပျိုကြီးက မန္တလေး အဝေးသင်တက္ကသိုလ်၊ စာကြည့်တိုက်မှာ အလုပ်လုပ်သည်။ မိုးလင်းကထွက်သွားပြီး ညနေ ငါးနာရီကျော်မှ အိမ်ပြန်ရောက်သည်။

သူ့တစ်ယောက်တည်းအတွက် ထမင်းဟင်းချက်ပြုတ်နေဖို့ အလေးမမူတော့။ တက္ကသိုလ်အနီး ဖွင့်ထားတဲ့ လမ်းဘေးထမင်းဆိုင်လေးတွေကနေ ထမင်းဟင်း ၀ယ်လာခဲ့သည်။ ထမင်း နှင့် အသားဟင်း တစ်မျိုး ၀ယ်လိုက်လျှင် အပိုဟင်းများအဖြစ် ငါးပိရည် နှင့် အတို့အမြူပ် ထည့်ပေးသည်။ သယ်နိုင်လျှင် ချဉ်ရည်ဟင်းကိုတောင် ယူလာနိုင်သည်။ အိမ်ပြန်ရောက်တာနဲ့ အဆင်သင့် စားလိုက်ရုံဆိုတော့ အဒေါ့်အတွက် နားချိန်ပိုရသလို ထမင်းသိုးမှာ ဟင်းသိုးမှာ မပူရတော့ပေ။

ထမင်းဆိုင်တွေက တစ်နေ့ထက်တစ်နေ့ ပိုများလာသလို၊ လာရောက်စားသောက်သူတွေကလည်း တစ်ရက်ထက် တစ်ရက် ပိုလို့ပင် များလာခဲ့သည်။ အရင်လို ထမင်းကို ဇိမ်ခံစားဖို့ မဖြစ်နိုင်ကြတော့။ စားသုတ်သုတ် သွားသုတ်သုတ်နှင့် အချိန်တွေကို လုယူလှုပ်ရှားနေကြရသည်။ ထမင်းဆိုင်လေးတွေမှာ လူစည်ကားနေတာကို ကြည့်ခြင်းအားဖြင့် လူတွေမှာ အချိန်ပြည့် ရုန်းကန်လှုပ်ရှားနေကြတာကို သိနိုင်သည်။ ချက်ပြုတ်စားသောက်ဖို့ အချိန်မပေးနိုင်တာကို သိနိုင်သည်။ လူတိုင်း မဟုတ်သော်လည်း လူတိုင်းနီးပါးက ဒီထမင်းဆိုင်လေးတွေမှာပေါ် မှီတည်လာခဲ့ကြပြီဟု ထင်မိသည်။

အခုနောက်ပိုင်းတွေမှာ အစားအသောက်တွေကို အဆင့်သတ်မှတ်မည်ဟု တလောက ကြားလိုက်မိသည်။ သို့သော် ဒီလိုအဆင့်သတ်မှတ်ခံရမည့်အထဲမှာ ကျွန်မတို့ နေ့စဉ်သွားရောက်စားသုံးနေတဲ့ လမ်းပေါ်က ဆိုင်(Street Food) လေးတွေ ပါမည်မပါမည်ကိုတော့ သတိမထားမိခဲ့ပါ။

အကယ်လို့များသာ ကျွန်မတို့တွေ နေ့စဉ်စားသောက်နေတဲ့ ဒီထမင်းဆိုင်တွေ တစ်ဆင့်မြှင့်လိုက်ပြီး အဲယားကွန်းတွေနဲ့ ဆိုဖာထိုင်ခုံကြီးတွေနဲ့ ဖြစ်လာခဲ့လျှင် ၊ ဆိုင်းဘုတ်အကြီးကြီးတွေနဲ့ ဖြစ်လာခဲ့လျှင် ၀န်ဆောင်မှု စရိတ်တွေ တိုးလာဦးမှာလား။ တစ်ခါပြင် ကိုးရာကနေ ဒီရက်ပိုင်းမှာ အသားဈေးတွေတက်လာလို့ တစ်ခါပြင် ငွေတစ်ထောင်ကျပ် ပေးစားနေရသည်။ နောက်ပိုင်းဆိုလျှင် ၀န်ဆောင်မှုစရိတ်ထပ်ပေါင်းပြီး ဘယ်လောက်ထိ တက်သွားမလဲ စိုးရိမ်မိသည်။ ၀င်ငွေနှင့် မျှတသော ထွက်ငွေကို ချင့်ချိန်စားသောက်နေရသော ကျွန်မတို့လို ၀န်ထမ်းဘ၀တွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ အဆောင်နေသူတွေ အတွက် တစ်ခါပြင် ထမင်းတွေ ဈေးထပ်တက်မှာ စိုးရိမ်မိသည်။

မန္တလေးက ဒီလမ်းကြားထမင်းဆိုင်လေးတွေမှာ လူတွေဝင်ချည်ထွက်ချည် ရှုပ်ထွေးနေသည်။ ပါဆယ်မှာယူနေသူတွေနဲ့ ပြည့်နေသည်။ ဒီထမင်းဆိုင်လေးတွေမှာ လူတွေအမြဲမပြတ်စည်ကားနေတာက ခေတ်ကာလပန်းချီကား တစ်ချပ်သဖွယ်ဖြစ်နေလေတော့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U