Related Posts Plugin for WordPress, Blogger...

Friday, November 29, 2013

သန်းခေါင်စာရင်းနှင့် နိုင်ငံသား မှတ်ပုံတင်များ ပြုလုပ်ရာတွင် မိမိတို့ ‘မြို' လူမျိုးအမည်ကို လွဲမှားစွာ ထည့်သွင်းနေသည်မှာ မဖြစ်သင့်ကြောင်း မြို(ခမီ)စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ရှင်းလင်း


မြိုတိုင်းရင်းသားများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရခိုင်ပြည်နယ်ရှိ‘ မြို'တိုင်းရင်းသားလူမျိုးများသည် သန်းခေါင်စာရင်းနှင့် နိုင်ငံသားမှတ်ပုံတင်များ ပြုလုပ်ရာတွင် လူမျိုး အမည်ကို လွဲမှားစွာထည့်သွင်းနေသည်မှာ မဖြစ်သင့်ကြောင်း မြို(ခမီ)စာပေနှင့် ယဉ်ကျေးမှု အဖွဲ့က နိုဝင်ဘာ ၂၈ ရက် ကမြန်မာဂျာနယ်လစ်ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ရှင်းလင်းခဲ့သည်။

ယင်းသို့ အမည်များ လွဲမှားစွာထည့်သွင်း ခြင်းသည် လူမျိုးစု တစ်စုအတွင်း စိတ်ဝမ်းကွဲပြားအောင် ညီညွတ်မှု မရှိအောင် ရှင်းသည်ကိုရှုပ်အောင်၊ လွယ်သည်ကို ခက်အောင် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ခံစားမိကြောင်း မြို(ခမိ)စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ နာယက ဦးထင်အောင်(ခ) ဦးလှဘန်းအောင်က အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

''ရခိုင်ပြည်နယ်မှာ မြိုတိုင်းရင်းသားလူမျိုးတွေ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားမှတ်ပုံတင် တွေလုပ်တဲ့ အခါမှာ ဇဝေဇ၀ါဖြစ်နေကြရတဲ့ အပြင် စိတ်ပျက်စရာတွေနဲ့ ကြုံနေရပါတယ်။ ဘာကြောင့်လဲဆို ရခိုင်ပြည်နယ် မြို့တွေက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အာဦးစီးဌာနအရာရှိတွေက တစ်မြို့နယ်နဲ့ တစ်မြို့နယ်မတူ ကွဲပြားစွာ လုပ်ဆောင်နေကြလို့  ဖြစ်ပါတယ်။ ဥပမာ ကျောက်တော်မြို့နယ်မှာဆိုရင် 'မြို'၊ မြောက်ဦးမှာဆိုရင် ခမွီး၊ ဘူးသီးတောင်မြို့နယ်မှာဆိုရင် ခမီး(ရခိုင်)လို အမျိုးမျိုးကွဲပြားစွာ လုပ်ဆောင်နေကြပါ တယ်။ တကယ်ဆိုရင် ကျွန်တော်တို့ လူမျိုးဟာ နေရာအနှံ့  ပြန့် ကျဲနေထိုင်ကြပေမယ့် အားလုံးက 'မြို'လူမျိုးတွေသာ ဖြစ်ပါတယ်'' ဟု မြို(ခမီ) စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ နာယက ဦးထင်အောင်(ခ) ဦးလှဘန်းအောင်က ဆိုသည်။

ဆက်လက်ပြီး ၎င်းက မြို နှင့် ခမိ ဆိုသည်မှာ လူမျိုးနှစ်မျိုးမဟုတ်ဘဲ လူမျိုးတစ်မျိုး တည်းသာဖြစ်ပြီး မြို ဆိုသည်မှာ လူမျိုးတစ်မျိုး၏ ကိုယ်ပိုင်အမည် ဖြစ်ကြောင်း၊ ခမီဆိုသည်မှာ လူကိုခေါ်ခြင်းဖြစ်ကြောင်း၊ တချို့ ဒေသများတွင် မြို(ခမီ)ဟူ၍သုံးစွဲကြပြီး ဖက်စပ်တီထွင်ထားသော လူမျိုးတစ်မျိုးမဟုတ်ဘဲ မြိုလူမျိုးဟု ဆိုလိုခြင်းဖြစ်ကြောင်း ပြောကြား သည်။

လူမျိုးအမည် အမျိုးမျိုး ကွဲနေသောကြောင့် မြိုတိုင်းရင်းသားများ၏ အခွင့်အရေးများဆုံးရှုံးနေပြီး ယခုကဲ့သို့  လူမျိုးအမည်လွဲမှားစွာ ကောက်ယူထည့်သွင်းနေခြင်းသည် မြိုတိုင်းရင်းသားတွေရဲ့ အခက်အခဲတွေကို တင်ပြရန် တိုင်ရင်းသားရေးရာဝန်ကြီး တစ်နေရာအခွင့်အရေးဆုံးရှုံး သွားမည်ဖြစ်ကြောင်း မြိုတိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးစိန်သာထွန်း က ပြောကြားသည်။

ယင်းနောက် မြိုတိုင်းရင်းသားတစ်ဦးဖြစ်သူ ကိုကျော်ကြီးကလည်း ''ကျွန်တော် တို့  မြိုလူမျိုးတွေ ရခိုင်ပြည်နယ်မှာ တိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာရဖို့  သတ်မှတ်ထားတဲ့လူဦးရေလည်း ပြည့်မီပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေက စာမတတ်တာများတယ်။ အခုလိုလူမျိုးအမည်တွေ ကွဲနေတော့ တိုင်းရင်းသား လူမျိုးတိုင်းရသင့်တဲ့ အခွင့်အရေးတွေက ဆုံးရှုံးနေတယ်''ဟု ပြောကြားသည်။

မြိုတိုင်းရင်းသားများသည် ၂၀၀၈ခုနှစ်က ဒေါက်တာကျော်သိန်း(မြောက်ဦး) ရန်ကုန်တက္ကသိုလ်တွင် ပါရဂူဘွဲ့အတွက် တင်သွင်းသည့်ကျမ်း တွင် မြိုတိုင်းရင်းသား စုစုပေါင်း ၈၀၀၀၀ ခန့် ရှိသည်ဟု ဖော်ပြထား ကြောင်း မြို(ခမိ)စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။

မြိုလူမျိုးများသည် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောနှင့် အမ်းမြို့နယ်များတွင် နေထိုင်လျက် ရှိကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U