Related Posts Plugin for WordPress, Blogger...

Friday, November 29, 2013

ညစ်ညမ်းဗီဒီယိုခွေ ထုတ်လုပ်ရောင်းချနေသည့် ပင်ရင်းဒိုင်များကို အရေးယူမှု အပါအ၀င် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ထိရောက်သည့်ပြစ်ဒဏ် ချမှတ်မည်


(ရန်ကုန်မြို့တွင်း ရောင်းချလျက်ရှိသည့် လမ်းဘေး ဒီဗီဒီနှင့် ဗီစီဒီ အရောင်းဆိုင် တစ်ဆိုင်အား တွေ့ရစဉ်)

အရွယ်မရောက်သေးသည့် မိန်းကလေးငယ်များကို မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်သွားမည့်အပြင် ညစ်ညမ်းဗီဒီယိုခွေ ထုတ်လုပ်ရောင်းချနေသည့် ပင်ရင်းဒိုင်များကိုလည်း အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးဝင်းကြည်က နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ပြောသည်။

ယခုနှစ်ပိုင်းအတွင်း ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ အရွယ်မရောက်သေးသည့် မိန်းကလေးများ မုဒိမ်းမှု ကျူးလွန်ခံရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေပြီး အဆိုပါ ဖြစ်စဉ်များတွင် ပထွေးမှလည်းကောင်း၊ ဆွေမျိုးသားချင်းနှင့် ပတ်ဝန်းကျင်မှ ကျူးလွန်သည့် ဖြစ်စဉ်များ ပါဝင်နေကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားမှုကြောင့် မိမိ၏ကလေးမှာ ငယ်သေးသော်လည်း သူစိမ်းယောက်ျား လေးများဖြင့် ယုံကြည်စွာ အပ်နှံထားခြင်း မပြုဘဲ မိခင်ရင်းမှသာ စောင့်ရှောက်ရန် လိုအပ်နေကြောင်း သိရသည်။

''အခုသက်ငယ် မုဒိမ်းမှုတွေ အများအပြား ဖြစ်ပွားနေတယ်။ မိမိရဲ့ကလေးကို အသက်ငယ်သေးတယ် ဆိုပြီးတော့ ယုံကြည်မှုနဲ့ မလွှတ်ထားသင့်ဘူး။ လက်ရှိဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်တွေမှာဆိုရင် ဦးလေးက ကျူးလွန်တာတွေ၊ ယုံကြည်စိတ်ချလို့ ပတ်ဝန်းကျင်ကို အပ်နှံခဲ့တဲ့ အခါမှာ ကျူးလွန်တဲ့ ဖြစ်စဉ်တွေ၊ အသက်အရွယ် ကြီးရင့်ခဲ့သူတွေက ကျူးလွန်တဲ့ ဖြစ်စဉ်တွေ၊ ကလေးကို အဖော်မပါဘဲ အပြင်လွှတ်တဲ့ အခါမှာ ကျူးလွန်ခံရတဲ့ ဖြစ်စဉ်တွေနဲ့ ပထွေးက ကျူးလွန်တဲ့ ဖြစ်စဉ်တွေ အများအပြား ပါဝင်နေတာကို တွေ့ရတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ကလေးကို မည်သူ့ကိုမျှ ယုံကြည်မှု ထားပြီးတော့ မအပ်ထားသင့်ဘူး။ မိခင်အရင်းကပဲ စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးဝင်းကြည်က ဆိုသည်။

အဆိုပါဖြစ်စဉ်များ ဖြစ်ပွားမှုနှုန်း လျော့ကျစေရန် အတွက် မြို့နယ်၊ ကျေးရွာများတွင် ရှုတ်ချပွဲများ၊ အသိပညာပေး ဟောပြောပွဲများ၊ ဆင်ဆာမဲ့ ဗီဒီယိုခွေ ရောင်းချနေမှုများအား အရေးယူခြင်းနှင့် ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလအထိ ၁၀ လတာ ကာလအတွင်း မုဒိမ်းမှုဖြစ်စဉ် ၁၂၉ မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်များတွင် သက်ငယ်မုဒိမ်း ဖြစ်စဉ် ၈၃ မှု ပါဝင်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဒုတိယရဲမှူးကြီး ၀င်းကြည်က ''အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကို မုဒိမ်းမှု ကျူးလွန်တဲ့ သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ ဥပမာ-အခြားမုဒိမ်းမှု ကျူးလွန်တဲ့သူကို ငါးနှစ်ချရင် သက်ငယ်မုဒိမ်းမှု ကျူးလွန်တဲ့သူကို ၁၀ နှစ်ချမှတ် သွားမယ်'' ဟု ပြောကြားသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U