Related Posts Plugin for WordPress, Blogger...

Friday, November 29, 2013

သမ္မတဖြစ်ပါက တိုင်းပြည်ညီညွတ်ရေး ဦးစားပေးလုပ်မည်ဟု ဒေါ်စု ပြော




မိမိသာ သမ္မတဖြစ်လာပါက တိုင်းပြည်ညီညွတ်ရေးကို ဦးစားပေးလုပ်ဆောင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂၈ ရက်၌ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ လိုဝီ နိုင်ငံတကာ မူဝါဒရေးဆိုင်ရာဌာနတွင် ပြုလုပ်သော ဆွေးနွေးပွဲတွင် ပြောဆိုလိုက်သည်။

"တိုင်းပြည် စည်းလုံးညီညွတ်ရေးပေါ့။ လွန်ခဲ့တဲ့နှစ် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ပြိုင်တဲ့အခါမှာ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းပဋိပက္ခတွေ ရပ်စဲစေမယ့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးတို့ကို ကျွန်မတို့ရဲ့ နိုင်ငံရေးလမ်းစဉ် သုံးခုအဖြစ် ထားရှိခဲ့ပါတယ်။ ဒီသုံးခုစလုံးက ဆက်စပ်နေတဲ့အတွက် ကျွန်မတို့က ရွေးချယ်ခဲ့တာပါ" ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သမ္မတဖြစ်လာပါက တိုင်းပြည်၏ စီးပွားရေးမူဝါဒကိုလည်း စိုက်ပျိုးရေးကို အခြေခံကာ စီးပွားရေး မြှင့်တင်မှုများ ပြုလုပ်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှာ
မကြာမီအနာဂတ်တွင် စားနပ်ရိက္ခာ အလွန်လိုအပ်လာမည်ဖြစ်သည့်အတွက် ယင်းအခွင့်အရေးကို အသုံးချသင့်သည်ဟု ပြောသွားသည်။

"ကျွန်မတို့နိုင်ငံဟာ စိုက်ပျိုးရေးအပေါ်မှာ အခြေခံတဲ့ နိုင်ငံတစ်နိုင်ငံဆိုတာကို ကျွန်မအမြဲတမ်း သတိထားမိပါတယ်။ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် စိုက်းပျိုးရေးနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ ၂၁ ရာစုအမြင် သဘောထားတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းမျိုးကို လိုချင်ပါတယ်"ဟု ပြောသွားသည်။

အလားတူပင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မည်ဆိုပါက တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည့် စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု ဖြစ်လာမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ဖွဲ့စည်းပုံရဲ့ အခြားအစိတ်အပိုင်းတွေကိုလည်း ကျွန်မတို့ ပြင်ရမှာပါ။ ကျွန်မတို့နိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီ
ပြည်ထောင်စုတစ်ရပ် ဖြစ်လာမှာပါ။ တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ပြည်ထောင်စုပေါ့။ ဒါဟာ ကျွန်မတို့ဖြေရှင်းရမယ့် ပထမဆုံးသော ကိစ္စရပ်ပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရန် စိတ်အားထက်သန်နေကြကြောင်း မိမိတို့နှင့်အတူ လူများစုရှိနေခြင်းက ဖွဲ့စည်းပုံပြင်ဆင်ရေးအား အနှေးနှင့် အမြန်ဆိုသလို ပြင်ဆင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ထည့်သွင်းပြောကြားသွားခဲ့သည်။

ဆွေးနွေးပွဲသို့ လိုဝီနိုင်ငံတကာ မူဝါဒရေးဆိုင်ရာဌာနဥက္ကဋ္ဌ ဖရန့်လိုဝီ၊ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျ သံအမတ်ကြီး ဘာရောင်တီမိုးလ်စ်နှင့် အထူးဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ဩစတေးလျဝန်ကြီးချုပ် Tony Abbottနှင့်လည်းတွေ့ဆုံခဲ့ပြီး ဆစ်ဒနီ
နည်းပညာတက္ကသိုလ်နှင့် ဆစ်ဒနီတက္ကသိုလ်တို့ကလည်း ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များကို နိုဝင်ဘာ ၂၇ ရက်တွင်
ချီးမြှင့်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၆ ရက်က ဩစတြေးလျနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး သူ၏ခရီးစဉ်ကို
ဒီဇင်ဘာ ၂ ရက်တွင် အဆုံးသတ်မည်ဖြစ်သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U