Related Posts Plugin for WordPress, Blogger...

Friday, November 29, 2013

လက်ပံတောင်း လယ်တီတောင်ကြားစေတီ စိန်ဖူးတော် တင်ခွင့်မရ၍ အင်ကြင်းတောင် သပိတ်စခန်းတွင် အပူဇော်ခံမည်

လက်ပံတောင်း လယ်တီတောင်ကြား စေတီ စိန်ဖူးတော် တင်ရန် တားမြစ်ခြင်း ခံရသဖြင့် အင်ကြင်း တောင် သပိတ်စခန်း တွင် အပူဇော်ခံသွားမည် ဖြစ်ကြောင်း စိန်ဖူးတော်တင်လှူပွဲ ဦးဆောင် ဆရာ တော် ဥူးဝဏ္ဏသိန္ဒိက နိုဝင်ဘာ ၂၉ တွင် ပြောသည်။

စေတီ စိန်ဖူးတော် အသစ် တင်ရန် အတွက် လက်ပံတောင်းတောင် သပိတ်စခန်း ကို အကြမ်းဖက် နှိမ်နှင်းခဲ့သော တစ်နှစ်ပြည့် နေ့ ဖြစ်သည့် နိုဝင်ဘာ ၂၉ နံနက်ပိုင်းတွင် ဦးဆောင် သံဃာတော်များနှင့် စိန်ဖူး တော် တင်လှုရန် သွားသူများကို စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင် ကြီး - ဆားလင်း ကားလမ်းရှိ အမှတ် ၂/၇၀ ရွှေလှေတံ တားတွင် အာဏာပိုင်များက တားမြစ်ခဲ့၍ ပြန်လှည့်ခဲ့ရခြင်း ဖြစ်သည်။

စိန်ဖူးတော်တင်လှူပွဲ ဦးဆောင်ဆရာတော် ဥူးဝဏ္ဏသိန္ဒိက “ ဘာသာရေးအရ ပြုမူတဲ့ ကိစ္စကို ဒယကာကြီး တို့က ခွင့်မပြုရင် ဟောဒီ စိန်ဖူးတော်အသစ်နှင့် မိုင်းဒဏ်ကြောင့် မြေခခဲ့ရတဲ့ စိန်ဖူးတော် နှစ်စလုံးကို အင်ကြင်းတောင် သပိတ်ခန်းမှာ ပူဇော်ထားလိုက်မယ် ” ဟု မိန့်၍ အဆိုပါ ပိတ်ဆို့တား မြစ်ထားရာ နေရာမှ ထွက်ခဲ့သည်။

ယင်းသို့ တားမြစ်ခြင်းမှာ ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်သောင်း ဦးဆောင်ပါဝင်သည့် မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့နှင့် လုံထိန်း ရဲတပ်ဖွဲ့များမှ ရွှေလှေတံတားထိပ်တွင် စီတန်း ရပ်လျက် အဆိုပါ စိန်ဖူးတော်ပင့်ဆောင်လာသူများကို ဆက်လက်မသွားရန် တားမြစ် ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တားမြစ်နေရာတွင် အချုပ်ကား တစ် စီး၊ မီးသတ်ကား တစ်စီး၊ ရဲကား ငါးစီးနှင့် ပြည်ထဲရေး တံဆိပ် ပါ ကား နှစ်စီး၊ သတင်းရဲတပ်ဖွဲ့ကား တစ် စီး၊ ၀မ်ပေါင် ကုမ္မဏီကားတစ် စီး အပါအ၀င် စုစုပေါင်း ကား ၁၁ စီးခန့်ရောက်ရှိနေခြင်းဖြစ်သည်။

အဆိုပါ နေရာတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသူ ဒုရဲမှူးကြီး တင်ထွဏ်းက “ ဘယ်တပ်ဖွဲ့မဆို တပ်ဖွဲ့တိုင်းဟာ အမိန့်ကိုနာခံရပါတယ်။ အမိန့်အတိုင်း ဆောင်ရွက်ရမှာက ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်ပါတယ်။ မိမိသဘောနဲ့ မိမိအဆုံးအဖြတ်ပေးလို့မရဘူး ” ဟု မဇ္ဈိမကို ပြောသည်။

ယင်းကဲ့သို့ စိန်ဖူးတော်အသစ် တင်လှူပူဇော်နိုင်ရန်အတွက်လည်း ဒေသခံ ရွာသူရွာသားများက တစ်နှစ် တာ ထွက်ရှိသော ကောက်ပဲသီးနှံများကို စုဆောင်းရောင်းချ၍ ၎င်းပွဲအား စီစဉ်ခဲ့ခြင်းဖြစ် သည်ဟုလည်း ဆရာတော် ဥူးဝဏ္ဏသိန္ဒိက မဇ္ဈိမကို မိန့်သည်။

အင်ကြင်းတောင် သပိတ်စခန်းကို လက်ပံတောင်းတောင် ဒေသရှိ လယ်တီတောင်ကြားစေတီနှင့် သိမ်တော်ကို ဖူးမြော်ခွင့် ရရန်အတွက် နိုဝင်ဘာလ ၂ ရက်တွင် ဖွင့်လှစ်တောင်းဆိုထားခြင်းဖြစ်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း မိုင်းခွဲမှုကြောင့် စိန်ဖူးတော်မြေခခဲ့ရသည့် လယ်တီသိမ်တော် တောင်ကြားစေတီတွင် စိန်ဖူးတော်အသစ်ပြန်လည်ပူဇော်ရန် ဒေသခံများက စီစဉ်ထား သည်ကို အကောင်အထည်မဖော်ရန် စစ်ကိုင်းတိုင်း သာသနာရေးဝန်ကြီး ဦးတင်ဝင်းက မုံရွာမြို့ ဘုရားကြီး ရပ်ကွက်ရှိ ချမ်းသာကြီးကျောင်းတိုက်တွင် ဒေသခံသံဃာများထံ နိုဝင်ဘာလ ၂၆ရက်က လာရောက် လျှောက်ထားခဲ့သေးသည်။

ယင်းကဲ့သို့ စိန်ဖူးတော် တင်လှုပွဲ မပြုလုပ်ရန် တားမြစ်ခြင်းမှာ ယင်းနေရာသည် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသည့် နေရာဖြစ်သောကြောင့် ဖြစ်သည်ဟုလည်း ဦးတင်ဝင်းက ဆိုခဲ့သေးသည်။

လယ်တီတောင်ကြားစေတီသည် ဝမ်ပေါင်ကုမ္ပဏီ ကြေးနီစီမံကိန်း နယ်မြေထဲတွင် ရှိနေပြီး ပုဒ်မ ၁၄၄ ထုတ်ထားသော နယ်မြေလည်းဖြစ်သည်။ ထိုတောင်ကြားစေတီအား နိုဝင်ဘာလအစောပိုင်းတွင် ဒေသခံများက ဖူးမြော်ခွင့်တောင်းသဖြင့် နိုဝင်ဘာလ ၂ရက်မှစတင်ကာ လုံခြုံရေးအင်အားကို ယခင် ငါးယောက်မှ သုံးဆယ်တစ်ယောက်အထိ တိုးမြှင့်ချထားခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U