Related Posts Plugin for WordPress, Blogger...

Friday, November 29, 2013

ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့် ကုလသမဂ္ဂ၏ တောင်းဆိုမှုကို ရမ်းဗြဲမြို့ ဒေသခံများ ဆန္ဒပြ



ဘင်္ဂါလီလူမျိုးများအား ရိုဟင်ဂျာ အမည်ဖြင့် နိုင်ငံသားဖြစ်ခွင့် ပြုလုပ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီ၏ ဆုံးဖြတ်တောင်းဆိုမှုအား နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် ဒေသခံများ ဆန္ဒပြကန့်ကွက် ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကန့်ကွက်ဆန္ဒ ထုတ်ဖော်ရန်အတွက် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့သို့ ခွင့်ပြုချက် တောင်းခံခဲ့ပြီး ခွင့်ပြုချက် ပေးခဲ့ကြောင်းလည်း သိရသည်။ ယင်းအတွက် အဆိုပါ ဆန္ဒထုတ်ဖော်မှုသည် တရားဝင် ထုတ်ဖော်ပြသသော ဆန္ဒထုတ်ဖော်မှု တစ်ရပ်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း မည်သည့်အခါမျှ မရှိခဲ့သော လူမျိုးတစ်ခုကို နိုင်ငံသားအဖြစ် လက်ခံပေးရန် ကုလတောင်းဆိုမှုသည် တစ်ဖက်သတ် ဖြစ်နေကြောင်းနှင့် နိုင်ငံတော်၏ အချုပ်အခြာကို ၀င်ရောက် စွက်ဖက်ခြင်းဟု ဒေသခံများ ထင်မြင်ကြောင်းလည်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်ပြီး ရမ်းဗြဲမြို့မှ ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူများ အနက် ပါဝင်သူ တစ်ဦးဖြစ်သည့် ဦးထွန်းကြည်က ''ကျွန်တော်တို့ အချက် သုံးချက်နဲ့ တင်ပြတောင်းဆိုတာ ဖြစ်တယ်။ ကုလသမဂ္ဂမှ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်ကို လေးစားရေး၊ ရိုဟင်ဂျာသည် မြန်မာနိုင်ငံတွင် ဘယ်တုန်းကမှ မရှိ၊ ၁၉၈၂ ဥပဒေကို အတိအကျ အကောင်အထည် ဖော်ဆောင်ရေးဆိုတဲ့ အချက်တွေကို ဆိုင်းဘုတ်တွေရေးပြီး စီတန်းလှည့်လည်တာ ဖြစ်တယ်။ သံဃာတော်တွေနဲ့ ဒေသခံ လူအင်အား ၉၀၀ ခန့် ပါဝင်တယ်။ မြို့တစ်ပတ် စီတန်းလမ်းလျှောက် ခဲ့ကြတယ်'' ဟု ပြောကြားသည်။

ရမ်းဗြဲမြို့တွင် ထိုသို့ဆန္ဒထုတ်ဖော်ခြင်း ပြုလုပ်ရခြင်းသည် ကုလမှ တောင်းဆိုချက်ကို ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခြင်းသာဖြစ်ပြီး မဖြစ်နိုင်သော ကိစ္စတစ်ခုအား မြန်မာအစိုးရသို့ ဖိအားပေး တောင်းဆိုခြင်းသာ ဖြစ်သည့်အတွက် ရခိုင်ပြည်သူများကိုယ်စား ရမ်းဗြဲမြို့သူ မြို့သားများက ကန့်ကွက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

''တကယ်တော့ ကုလသမဂ္ဂဟာ ဘင်္ဂါလီ လူမျိုးတွေဘက်က သီးခြားရပ်တည် နေတယ်ဆိုတာ ဒီနေရာက ဖော်ပြသလို ဖြစ်နေတယ်။ အခုက မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ တိုင်းရင်းသားတွေနဲ့ ရန်တိုက်ပေးတဲ့ အဓိပ္ပာယ် သက်ရောက်နေပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ လုံးဝလက်မခံဘူး ဆိုတာကို သိအောင်လို့ အခုလိုထုတ်ဖော် ပြသတာ ဖြစ်ပါတယ်'' ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ တစ်ဦးက ပြောကြားသည်။

(ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် နိုဝင်ဘာ ၂၈ ရက် နံနက်က ဒေသခံများ ဆန္ဒပြနေကြစဉ်)
EMG

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U