ရေးသားသူ- အောင်သူရ၊ ဆွေမွန်
ဦးသိန်းစိန်အနေဖြင့်
သမ္မတရာထူးစတင်လက်ခံသည့် အချိန်မှစ၍ မကြာခဏပြောလေ့ရှိသည့်
စကားတစ်ခွန်းရှိသည်။ “အစိုးရအဖွဲ့သစ်ရဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ်ကတော့
ကောင်းမွန်သောအုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းသောအစိုးရ ပေါ်ပေါက်လာအောင် ၀ိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်”ဟူ၍ဖြစ်သည်။
အစိုးရအဖွဲ့
သက်တမ်းသုံးနှစ်နီးပါးရှိလာချိန် ပြန်လည်သုံးသပ်ကြည့်လျှင်
ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသောအစိုးရဆိုသည်မှာ
လက်တွေ့နှင့် များစွာကွာဟလျက်ရှိသည်။ အထူးသဖြင့် လာဘ်ပေးလာဘ်ယူမှုများမှာ
အုပ်ချုပ်ရေးအဖွဲ့အစည်းများတွင် ပုံစံမျိုးစုံဖြင့်ရှိနေသေးသည်။ များစွာသော
မသမာမှုများထဲမှ ထင်ရှားသောလုပ်ရပ်တစ်ခုမှာ တန်ဖိုးနည်းဖုန်းကတ်
ချထားပေးမှုတွင် မသမာမှုများရှိနေခြင်း ဖြစ်သည်။
အစိုးရအဖွဲ့မှ ၁၅၀၀
ကျပ်ဖြင့် ရောင်းချပေးသော တန်ဖိုးနည်းဖုန်းကတ်များ ရရှိရေးအတွက်
ပြည်သူများအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင်
အလုအယက်မဲနှိုက်နေရချိန်၌ အဆိုပါဖုန်းကတ်များကို ပြင်ပဆိုင်များတွင်
နာမည်ပေါက်နှင့်ပင် အလွယ်တကူဝယ်ယူနိုင်ပါသည်။
“နာမည်ပေါက် GSM
တစ်ကတ်ကို တစ်သိန်းသုံးသောင်းပဲရှိတယ်”ဟု ကျောက်တံတားမြို့နယ် အခြေစိုက်
ဖုန်းခွံ(Handset)နှင့် အပိုပစ္စည်းရောင်းသောဆိုင်မှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
ဖုန်းရောင်းချသူများအနေဖြင့်
အဆိုပါဖုန်းကတ်များကို အစိုးရ၀န်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့်
အုပ်ချုပ်ရေးမှူးများနှင့် နီးစပ်သူများထံမှ ၀ယ်ယူရသည်ဟု
ဖုန်းရောင်းသူများက ထုတ်ဖော်ပြောကြားသည်။
ယခင် ၁၅ သိန်း၊
ငါးသိန်းခွဲစသဖြင့် ဈေးကြီးပေး၍ ၀ယ်ယူခဲ့ရသော ဖုန်းဆင်းမ်ကတ်များကို
အစိုးရသစ်လက်ထက်တွင် ယခုနှစ်ဧပြီလမှစ၍ ၁၅၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ပြီး
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ မဲနှိုက်ဝယ်ယူခဲ့ကြရသည်။
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း
MEC Tel အမှတ်တံဆိပ်ပါ ဆင်းမ်ကတ်များကို ဧပြီလမှစ၍ တစ်လလျှင်
အကတ်ရေသုံးသိန်းခွဲခန့်ဖြင့် သုံးလရောင်းချပေးခဲ့ပြီးနောက် သြဂုတ်လမှစ၍
ကတ်တစ်သောင်းထပ်တိုးကာ တစ်လလျှင် ကတ်သုံးသိန်းခြောက်သောင်းနှုန်းဖြင့်
ရောင်းချပေးခဲ့သည်။
ထို့ကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အောက်တိုဘာလအထိ ဆင်းမ်ကတ်စုစုပေါင်း ၂ ဒသမ ၄ သန်းကျော် ရှိနေပြီဖြစ်သည်။
ထိုသို့ရောင်းချပေးရာ၌
မြို့နယ်အတွင်းရှိ လူဦးရေကိုကြည့်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးက
ဖုန်းကတ်ခွဲတမ်းများ ပြန်လည်ချထားပေးခဲ့သည်။ ထိုမှတစ်ဆင့်
မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အတွင်း လျှောက်ထားသည့်
ဖုန်းအရေအတွက်ကိုကြည့်၍ ရရှိသောခွဲတမ်းကို ရပ်ကွက်ကျေးရွာများသို့
ပြန်ချထားပေးခဲ့သည်။
“တစ်ကြိမ်ကနေ ငါးကြိမ်အထိ
အိမ်မှာရှိတဲ့လူတိုင်း လျှောက်လို့ရတယ်။ ခြောက်ကြိမ်ကစပြီး
အဆောက်အအုံနဲ့ပြန်ချပေးတယ်။ တိုက်ခန်းတစ်ခန်းတစ်ယောက်၊ အိမ်တစ်လုံးကို
တစ်ယောက်ပဲလျှောက်လို့ရတဲ့စနစ် ပြန်ကျင့်သုံးတယ်”ဟု ကမာရွတ်မြို့နယ် ၁၀
ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ၎င်းကျင့်သုံးသောစနစ်ကို ပြောသည်။
ထိုကဲ့သို့
မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား
ခွဲတမ်းချပေးသည့်နေရာတွင် အချို့သောရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာ
ရရှိသည့်ခွဲတမ်းကို အများပြည်သူသို့ အပြည့်အ၀မပေးဘဲ ပြင်ပဈေးကွက်သို့
ရောင်းချခြင်းများရှိသည်။
အထူးသဖြင့် ထိုကဲ့သို့လုပ်ရပ်မျိုးကို
ဆင်ခြေဖုံးရပ်ကွက်များနှင့် ကျေးရွာများတွင် အများဆုံးပြုလုပ်ကြ၍
မြို့ပေါ်ရပ်ကွက်များတွင် ပြုလုပ်သူနည်းကြောင်း ဖုန်းပွဲစားများကဆိုသည်။
“မြို့ပေါ်မှာတော့
ပါးပါးပဲလုပ်ရဲကြတယ်။ တစ်ကြိမ်ကို ငါးလုံး၊ ၁၀ လုံးလောက်ပဲ လုပ်ရဲတယ်။
မြို့ပေါ်ကျတာ ကိုယ့်ရပ်ကွက်အတွက် ဘယ်နှလုံးရလဲသိနိုင်တဲ့အတွက်
သိပ်မလုပ်ရဲကျဘူး။ နယ်ကျတော့ ပေးသလောက်ပဲယူကြတာ”ဟု ပုသိမ်မြို့ခံ
ဖုန်းရောင်းချသူတစ်ဦးကပြောသည်။
ထင်ရှားသောဖြစ်ရပ်များအဖြစ်
ပခုက္ကူမြို့ ၁၀ ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခွဲတမ်းရရှိသော
ဖုန်းကတ်များထဲမှ ဖုန်းကတ်ငါးကတ် ပြင်ပသို့ရောင်းစားသဖြင့် ထိုရပ်ကွက်နေ
ပြည်သူများက အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူး ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုထားသည်။
အလားတူ
ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက
ဖုန်းခွဲတမ်းများထဲမှအချို့ ပြင်ပသို့ရောင်းချခြင်းကို
ဒေသခံများသိရှိသဖြင့် တိုင်ကြားရာမှ ထိုရပ်ကွက်အုပ်ချုပ်ရေးမှူး
ထွက်ပြေးသွားသည့်ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်။
ထို့အပြင် အလွဲသုံးစားလုပ်၍ တိုင်ကြားခံရကာ အလုပ်ပြုတ်သွားသော အုပ်ချုပ်ရေးမှူးများလည်းရှိသည်။
အလားတူ
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းစာဂျာနယ်များသို့ ထုတ်ပြန်ပေးသည့်
မှုခင်းများတွင် ဖုန်းကတ်မဲနှိုက်ပေးရာ၌ မကျေနပ်သဖြင့် ရပ်ကွက်သူ၊
ရပ်ကွက်သားများနှင့် အုပ်ချုပ်ရေးမှူးများကြား
အပြန်အလှန်တိုင်ကြားသည့်မှုခင်းများစွာ တွေ့ရသည်။
ရန်ကုန်၊
မန္တလေးနှင့် နေပြည်တော်တို့တွင် ရောင်းချနေကြသော ဖုန်းဆင်းမ်ကတ်အများစုမှာ
အခြားသော ပြည်နယ်နှင့်တိုင်းများအတွက် ခွဲတမ်းချပေးသော ဖုန်းဆင်းမ်ကတ်များ
ဖြစ်သည်ဟု ဖုန်းပွဲစားများကဆိုသည်။
“ရန်ကုန်မှာရောင်းတဲ့
ကတ်ပျက်ကတ်ပျောက်တွေကို ကျွန်တော့်ဆီမှာလာပြင်တယ်ဆိုတော့ သေချာတယ်လေ။
ဧရာဝတီတိုင်းကဖုန်းတွေ ရန်ကုန်ဆိုင်တွေကို ရောင်းစားကြတာ”ဟု
ပုသိမ်မြို့တွင် ဖွင့်လှစ်ထားသော ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
ပြင်ပသို့ရောင်းချသော
ဆင်းမ်ကတ်များထဲတွင် နံပါတ်စဉ်စီးရီးလိုက် ရောင်းချမှုများရှိပြီး
နာမည်ပေါက်လိုချင်သူများအတွက် စီးရီးလိုက်ရောင်းချသော ဆင်းမ်ကတ်များဖြင့်
ပြုလုပ်ပေးကြသည်။
“နာမည်ပေါက်ဆိုပေမယ့် လိပ်စာတော့ထည့်လို့မရဘူး။ နာမည်မှတ်ပုံတင်နံပါတ်နဲ့ ဓာတ်ပုံပဲ အမည်ပေါက်လုပ်ပေးတာ”ဟု ကမာရွတ်မြို့နယ်အခြေစိုက်
ဖုန်းဆင်းကတ်ရောင်းချသူတစ်ဦးကပြောသည်။
အချို့ဒေသများတွင်
မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ထိုမြို့နယ်အတွင်းရှိ
အခြားသောဌာနမှ အကြီးအကဲများ၊ အသင်းအဖွဲ့များ၊ ရဲတပ်ဖွဲ့များနှင့်
ဘုန်းတော်ကြီးတို့ကို ဂါဝရပြုသည်ဆိုကာ ပေးသည်များလည်းရှိသည်။
ထိုသူများကလည်း တစ်ဆင့်ပြန်လည်ရောင်းချမှုများရှိသည်။
ထို့ကြောင့်
လက်ရှိဖုန်းကတ်ချထားပေးသည့်စနစ်မှာ တိုင်းနှင့်ပြည်နယ်များအား ချထားပေးသည့်
စာရင်းကိုသာသိရပြီး ခရိုင်မှမြို့နယ်၊
မြို့နယ်မှရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ ချထားပေးသော
ဆင်းမ်ကတ်အရေအတွက်ကို အလွယ်တကူမထုတ်ပြန်သဖြင့် လုပ်ပိုင်ခွင့်ရှိသူများက
ပြင်ပသို့ရောင်းချခြင်းများ ပြုလုပ်လာခြင်းဖြစ်သည်။
ဖုန်းကတ်များကို
မြို့နယ်နှင့်ရပ်ကွက်များသို့ မဲနှိုက်ရွေးချယ်ရာတွင်
အိမ်ထောင်စုစာရင်းတစ်ခုတည်း၌ပင် ဖုန်းရရှိသူအများအပြားရှိပြီး မရရှိသေးသည့်
အိမ်ထောင်စုများစွာရှိနေသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့်
ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
အရာရှိတစ်ဦးက အကြံပြုပြောကြားသည်။
ဖုန်းဆင်းမ်ကတ်များကို
ရပ်ကွက်များသို့ ခွဲတမ်းချပေးရာတွင် သက်ဆိုင်ရာဌာနက လူအများရှေ့တွင်
သတ်မှတ်ခြင်း၊ ရပ်ကွက်နှင့် ကျေးရွာများ၏ ခွဲတမ်းများ လာရောက်ထုတ်ယူရာတွင်
ရပ်ကွက်အုပ်ချုပ်ရေးမှူးများသာမက ဖုန်းကော်မတီဝင်များနှင့်
သက်ဆိုင်ရာအဖွဲ့အစည်းများရှေ့တွင်ချပြပြီး ဝေငှပေးခြင်းဖြင့် မသမာမှုများကို
ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သာကေတမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးစန်းမင်းကဆိုသည်။
“အဓိကကတော့ ပွင့်လင်းမြင်သာမှုပါပဲ”ဟု ဦးစန်းမင်းက အကြံပြုပြောကြားသည်။
“ကိုယ့်မြို့နယ်ထဲမှာ
လာတိုင်တဲ့သူရှိရင် ကိုယ့်ဘာသာကိုယ်ပဲ ဖြေရှင်းလိုက်တယ်။ အထက်တွေကို
အဲဒီတိုင်စာတွေ ထပ်မပို့တော့တာများတယ်။ အဆင်ပြေသွားအောင် နားလည်သွားအောင်
ဖြေရှင်းပေးလိုက်တယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦးက
ကန့်ကွက်မှုရှိလာပါက ဖြေရှင်းသောပုံစံကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က “မကျေနပ်ရင်
တိုင်တာတွေတော့ရှိတယ်။ အဲဒီလိုတိုင်ရင် စစ်ဆေးတဲ့ တိုင်းဒေသကြီးမှာ
ခုံအဖွဲ့တွေလည်းရှိတယ်။ စစ်ဆေးလို့မှန်ရင် အရေးယူဆောင်ရွက်ပေးတယ်။
မမှန်ရင်တော့ အရေးမယူဘူး”ဟု ပြောသည်။
လက်ရှိရောင်းချပေးထားသည့် ခုနစ်လတာကာလအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့များသို့ ရောက်ရှိလာသည့်တိုင်စာမှာ အနည်းငယ်သာရှိဟုဆိုသည်။
ထို့အပြင်
ပြည်သူများ၏ မကျေနပ်မှုများကို ကိုင်တွယ်ဖြေရှင်းပေးနေသည့်
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည်အဖွဲ့သို့လည်း ယခင်က
တိုင်စာရရှိသော်လည်း နောက်ပိုင်းတွင် တိုင်ကြားမှုအလွန်နည်းပါးလာကြောင်း
ဗဟုအဖွဲ့မှ ဦးတင်မောင်သန်းကပြောသည်။
“ဘာလို့နည်းသွားတာလဲတော့
သေသေချာချာမသိဘူး။ အခုနောက်ပိုင်း တိုင်ရမယ်မှန်းမသိတာလား ဘာလားတော့
မပြောတတ်ဘူး။ တီဗီတွေမှာလည်း တိုင်ကြားနိုင်တယ်ဆိုတာတွေက
သိပ်မကြေညာတော့ဘူး”ဟု ၎င်းကပြောသည်။
မြို့ပေါင်း ၃၆၀ ကျော်၊
ကျေးရွာပေါင်း ခြောက်သောင်းကျော်ရှိသော မြန်မာနိုင်ငံတွင် အစိုးရကချပေးသော
ဖုန်းကတ်ကို မသာမာမှု၊ အလွဲသုံးမှုများတွင်
အုပ်ချုပ်ရေးမှူးတိုင်းမဟုတ်သော်လည်း အုပ်ချုပ်ရေးမှူးအချို့၊
အစိုးရ၀န်ထမ်းအချို့ ပါဝင်ကြောင်းကို အထက်ပါဖြစ်စဉ်များက သက်သေပြနေသည်။
ထို့ကြောင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့်
သန့်ရှင်းသောအစိုးရအဖွဲ့ဖြစ်ရန်ဆိုသော ရည်မှန်းချက်ရောက်ရန်တော့
လိုအပ်ချက်များလွန်းသေးသည်။ ။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
4 years ago
0 comments:
Post a Comment