Related Posts Plugin for WordPress, Blogger...

Friday, November 29, 2013

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေး ILO အပါအ၀င် ပြည်ပပညာရှင်များနှင့် အလုပ်သမား ၀န်ကြီးဌာန ပူးပေါင်းဆောင်ရွက်မည်



မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အနိမ့်ဆုံး အခြေခံ လုပ်ခလစာ သတ်မှတ်နိုင်ရေး အတွက် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် အပါအ၀င် ပြည်ပပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရာတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်မှ ပညာရှင်များနှင့် ပူးပေါင်းကာ သုတေသန ပြုလုပ်လျက်ရှိပြီး အလုပ်သမား တစ်ဦး၏ စားသောက်မှု ကုန်ကျစရိတ်၊ မိသားစုနှုန်း၊ အလုပ်သမား၏ လက်ရှိဝင်ငွေတို့ကို အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရာ၌ ထည့်သွင်း တွက်ချက်မည် ဖြစ်ကြောင်း သိရသည်။

''သုတေသနလုပ်ပြီး ပေါ်ပေါက်လာမယ့် ရလာဒ်တွေကို ဆွေးနွေးပြီး အလုပ်ရှင် အလုပ်သမား နှစ်ဦးစလုံး သဘောတူ ကျေနပ်မယ့် အနိမ့်ဆုံး လုပ်ခလစာကို သတ်မှတ်ပေးမှာပါ'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဆိုသည်။

အနည်းဆုံး အခကြေးငွေ နည်းဥပဒေအရ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရာတွင် ကုန်စည်ဈေးနှုန်းနှင့် ၀န်ဆောင်ခများ၊ အလုပ်သမားများ၏ ကုန်ထုတ်လုပ်မှုစွမ်းအား၊ အလုပ်ရှင်မှ လုပ်ခပေးနိုင်မှု အခြေအနေ၊ နိုင်ငံတော်၏ လူမှုစီးပွားရေး အခြေအနေ၊ စားသုံးသူ ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စသည့်အချက်များအပေါ် အခြခံကာ သတ်မှတ်ရမည် ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ စက်ရုံ အလုပ်ရုံ လုပ်ငန်းများ၌ အလုပ်သမား တစ်ဦး၏ အနိမ့်ဆုံး အခြေခံလစာကို အစိုးရမှ သတ်မှတ်ပေးထားခြင်း မရှိဘဲ အလုပ်ရှင်အချင်းချင်း ညှိနှိုင်းပေးသည့်စနစ် ကျင့်သုံးနေသည်။

စက်ရုံအလုပ်သမားတစ်ဦး လက်ရှိ အခြေခံ လုပ်ခလစာမှာ ကျပ်နှစ်သောင်းမှ သုံးသောင်းဖြစ်ပြီး အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပြီးပါက ယခုထက် လစာတိုးမြှင့် ရရှိမည်ဟု သိရသည်။ အခြေခံလုပ်ခ လစာကို ဒေသ၊ လုပ်ငန်းနှင့် ကျွမ်းကျင်မှု အမျိုးအစားအလိုက် သတ်မှတ်ပေးပြီး လုပ်ခလစာ သတ်မှတ်ချက်များ တူညီမှုရှိမည် မဟုတ်ကြောင်း သိရသည်။

(အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေးအတွက် အလုပ်ရှင် အလုပ်သမားများနှင့် အလုပ်သမား ၀န်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးနေစဉ်)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U